ကျပ် ၂ သောင်းတန် ငွေစက္ကူနဲ့ပတ်သတ်ပြီး တနင်္သာရီ PDF များ၏ ကြေညာချက်ကို ဒေသခံများက ဝေဖန်

By MPM 8 ဩဂုတ်, 2023 👁

စစ်ကောင်စီ ထုတ်ဝေထားသည့် ကျပ် ၂ သောင်းတန် ငွေစက္ကူ ကိုင်ဆောင်သုံးစွဲသူတွေကို အရေးယူမည်ဟု တနင်္သာရီ PDF များ၏ ထုတ်ပြန်ချက်က ပြည်သူကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်သည်။

စစ်ကောင်စီ၏ ကျပ် ၂ သောင်းတန် ငွေစက္ကူကို အသိအမှတ် မပြုကြောင်းနှင့် ကိုင်ဆောင်သုံးစွဲသူတွေကို အရေး ယူသွားမည် ဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲနှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က သြဂုတ်လဆန်းပိုင်းတွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျပ် ၂ သောင်းတန် ငွေစက္ကူတွေဟာ ဈေးဝယ်ခြင်းအပြင် အကြောင်းအမျိုးမျိူးကြောင့် ပြည်သူတွေ လက်ထဲရောက်ရှိလာနိုင်ပြီး တွေ့ရှိပါက အရေးယူမည်ဆိုသည့် ကြေညာမှုက လုံးဝ မဖြစ်သင့်ကြောင်း ပြောဆိုသည်။

ယင်းအပြင် လက်နက်ကိုင် တော်လှန်ရေးလုပ်နေသည့် အင်အားစုများအနေနှင့် တော်လှန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ ပြည်သူကို မျက်နှာမူသင့်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။

တော်လှန်ရေးရဲဘော်တစ်ဦးက ကျပ် ၂ သောင်း တန် ငွေစက္ကူကို မသုံးကြဖို့ စာထုတ်နိုင်သော်လည်း ဖမ်းဆီး အရေးယူမည်ဆိုသည့် ကြေညာချက်ဟာ စစ်ကောင်စီ၏ဝင်ငွေရလမ်းကို ဖြတ်တောက်နိုင်မှာ ဖြစ်သလို ကိုင်တွယ် ဖြေရှင်းပုံက လွဲမှားနေသည်ဟု ဝေဖန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီထုတ်ဝေမည့် ကျပ် ၂ သောင်း တန် ငွေစက္ကူကို အသိအမှတ် မပြုကြောင်းနှင့် တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနှင့် ဆင်ဖြူတော်ရဋ္ဌနန္ဒက၏ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ ရက်နေ့က စတင်ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့် ရွှေ၊ ဒေါ်လာ အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ရုတ်ချည်းဆိုသလို ခုန်တက်လာခဲ့ပြီး ဈေးကွက်ပျက်သည့်အထိ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။