ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ရွှေကူသင်္ဘောဆိပ်၌ စစ်သင်္ဘော ၉ စီး ဆိုက်ကပ်ခါနီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေထံက သိရသည်။
“စစ်သင်္ဘောက အခု ရွှေကူရောက်သွားပြီလေ၊ ဆိပ်ကမ်းရောက်ခါနီး ရေလှဲဘက်ကို လက်နက်ကြီးတွေ ပစ်နေတာ၊ ရေလှဲရွာကတော့ အမှုန့် ဖြစ်ပြီလား မသိဘူး။ အမျိုးသမီးတစ်ယောက် ထိတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ပစ်တာ အချက်ပေါင်း ၄၀၊ ၅၀ ၊၁၀၀ တောင် ဖြစ်ပြီလား မသိဘူး၊ ကျွန်တော်တို့တောင် မရည်တွက်ထားနိုင်တော့ဘူးလို့” ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်သူသည် ရေလှဲကျေးရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး လက်မောင်းနဲ့ ကြောပြင်မှာ လက်နက်ကြီးအစ ရှပ်ထိသွားတယ်လို့ ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ကောင်စီ စစ်သင်္ဘော ၉ စီးသည် သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ကသာနယ်ထဲက ထွက်ခွာလာပြီး သြဂုတ် ၆ ရက်နေ့ ညပိုင်းတွင် ရွှေကူနယ်၊ ကျောက်ကြီးကျေးရွာ၌ ညအိပ် တပ်စွဲခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်း ရွှေကူမြို့ပေါ် သင်္ဘောဆိပ်သို့ ကမ်းကပ်ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသခံများက ပြောသည်။
“ပြည်သူတွေ အကုန်လုံးကတော့ တိမ်းရှောင်နေရတယ်။ ရေလှဲ၊ မိုးစစ်၊ ဆင်တပ် အဲ့ဘက်က အကုန်လုံး တိမ်းနေရတယ်။ မနေ့တုန်းကတည်းကနေ ရှောင်နေကြတာလို့” ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦးက ပြောသည်။
ဒေသခံ ကျေးရွာနေပြည်သူများမှာ တောတောင်တွေထဲ တိမ်းရှောင်နေကြလို့ ထိခိုက်မှု နည်းပေမယ့် ကျေးရွာတွေထဲရှိ ၎င်းတို့၏ နေအိမ်၊ အိမ်မွေးတိရိစ္ဆာန်များမှာ လက်နက်ကြီးထိမှန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ရွှေကူမြို့ခံများက ပြောသည်။
လက်ရှိတွင် ရွှေကူမြို့အထက် လေးလမ်းဆုံနေရာ၌လည်း စစ်သားအင်အား အပြည့်တင်ထားသည့် စစ်ကား ၅ စီး ရောက်ရှိနေပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံများက စောင့်ကြည့်နေရတယ်လို့ ပြောသည်။
စစ်ကောင်စီတပ်၏ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီးဟာ မန္တလေးတိုင်းထဲကနေ ဇူလိုင်လ ကတည်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်၌ သင်္ဘောဆန်တက်ရာ လမ်းတလျှောက်တွင် စစ်ကောင်စီ တပ်သားတွေက စစ်သင်္ဘောပေါ်ကနေ ရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေသည့်အပြင် မြေပြင်စစ်ကြောင်း များကလည်း ရွာတွေထဲသို့ ဝင်ရောက်ချိန် ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ ဒေသခံများက ပြောဆိုသည်။
စစ်ကိုင်း – ကချင် နယ်စပ်တလျှောက်ရှိ ထီးချိုင့်နယ်ထဲက ကျေးရွာများကို အဆိုပါ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပျက်စီးမှုများ ရှိခဲ့သလို အရပ်သား ၄ ယောက် သတ်ဖြတ်ခဲ့ရကြောင်း၊ ကသာနယ်ထဲရှိ အင်းဒဲ့ရန့်ကျေးရွာက အရပ်သား ၅ ဦး၊ ကျောက်ထိုးကြီးကျေးရွာက အရပ်သား ၂ ဦ၊ ပလက်ရွှေကျေးရွာက ရွာသားတစ်ဦး တို့ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်မှာ ကုန်းကြောင်းတွင် အရေးနှိမ့်နေတာကြောင့် ကချင်ပြည်နယ်ထဲရှိ ၎င်း၏တပ်များကို ရိက္ခာနဲ့ လက်နက်ပစ္စည်း၊ စစ်အင်အားတွေ ဖြည့်တင်းရာမှာ ရေကြောင်းကို ယခုလို အသုံးပြုနေတာဖြစ်ပြီး စစ်သင်္ဘောတွေ တက်လာတိုင်း ကသာ၊ ထီးချိုင့်၊ ရွှေကူ၊ ဗန်းမော် မြို့နယ်တွေထဲက ဧရာဝတီမြစ်နှင့်နီးသည့် ကျေးရွာများမှ ဒေသခံများမှာ မကြာခဏ တိမ်းရှောင်နေရပြီး ဒေသခံအရပ်သားပြည်သူ သတ်ဖြတ်ခံရမှုလည်း ရှိနေသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
KNG ပေးပို့သည်။