ကရင်နီတွင် မိုးလေကြီးသဖြင့် အမိုးအကာများ ပြိုကျပျက်စီးပြီး လိုအပ်ချက်များရှိနေ

0
347
ပုံစာ - ကရင်နီစစ်ရှောင်စခန်းတချို့တွင် မိုးလေကြီးသဖြင့် အမိုးအကာများ ပြိုကျပျက်စီးနေသည်။

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်း အတွင်း မိုးရောလေပါ နေ့စဉ်နီးပါး ရွာသွန်းတိုက်ခတ်မှုနေလို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာတဲ့ စစ်ဘေးရှောင်များ နေထိုင်အသုံးပြုသည့် အမိုးအကာများ ပြိုကျပျက်စီးကုန်သဖြင့် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံက သိရသည်။

ပဆေးလာ၊ ဝါဘန်းပလို၊ ချယ်ရီကုန်း အစ ရှိသည့် ကျေးရွာများတွင် စစ်ဘေးရှောင်ဦးရေ ၇ သောင်း ခန့် ရှိနေပြီး ယခုကဲ့သို့ ဆက်တိုက်မိုးရွာသွန်းမှုများ ရှိလာပါက ယာယီနေထိုင်ရန် ကာရံထားသည့် အမိုးအကာများ ပြိုကျပျက်စီးနိုင်တာကြောင့် အမိုးအကာများ လိုအပ်ချက်မြင့်မားနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မိုးက ၃ ရက်လောက် ဆက်တိုက်ရွာပြီဆို မိုးထားကာထားတာတွေ ပျက်စီးကုန်ပြီ။ ပြန်ဖာထေးပြီး သုံးလည်း မရဘူး အသစ်တွေ လိုနေပါတယ်။ စစ်ရှောင်တွေခမျာလည်း အဲ့လိုမိုးအသားကုန်ရွာလို့ ပျက်စီးကုန်ပြီဆို မိုးကာလှူတဲ့ အလှူရှင်မျှော်ရတာပါပဲ” ဟု ၎င်းက ပြောသည်။

လေတိုက်ခတ်မှု ပြင်းထန်ပြီး မိုးကြီးလျှင် ဒီးမော့ဆိုအနောက်ခြမ်းရှိ ထင်းရှုးပင်များအောက်တွင် တာလပတ်တဲဖြင့် နေထိုင်သော စစ်ဘေးရှောင်များ အတွက် ခံသာသေးသော်လည်း အကာအရံ မရှိသော လယ်ကွင်းပြင်လို နေရာမျိုးတွင် နေထိုင်ရသော စစ်ဘေးရှောင်တဲများမှာ ပျက်စီးမှု ပိုများကြောင်း အဆိုပါအမျိုးသားက ဆက်ပြောသည်။

စစ်ရှောင်ကူအမျိုးသမီးတစ်ဦးက “ကျမတို့ အရင်နေတဲ့ ပဆေးလာရွာဘက်မှာဆို မိုး နေ့တိုင်း ရွာနေတာ မိုးကာလေးတွေ မလုံလောက်ဘူး။ အမိုး ပြိုကျတာတွေလည်း ရှိတယ်လို့” ဆိုသည်။

ယင်းဒေသများအပြင် ကရင်နီပြည်နယ်စပ်ရှိ တချို့နယ်မြေများတွင် နယ်မြေခံ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှ ဖြတ်သန်းသွားလာခွင့် ရှိသည့်အတွက် အလှူပစ္စည်း ရောက်ရှိရန် မလိုလားအပ်ဘဲ အချိန်နှောင့်နှေးမှုများ တွေ့ကြုံနေရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီက တချို့လမ်းပိုင်းများအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့တားမြစ်ထားသည့် အတွက် စစ်ရှောင်ကူများအနေဖြင့် တတ်နိုင်သလောက် အကူအညီပေးနိုင်ရန် အခက်အခဲ ကြုံနေကြရသည်ဟု ‌ပြောပါသည်။

စစ်ဘေးရှောင်များအတွက် အဓိကရိက္ခာဖြစ်သည့် ဆန်ဈေးနှုန်းမှာ ကြီးမြင့်ပြီး ပြတ်လပ်မှုလည်း ရှိနေသဖြင့် ဒေသခံစစ်ရှောင်များ အတွက် စားနပ်ရိက္ခာရရှိရန် လိုအပ်ချက် ရှိနေသည်ဟု စစ်ရှောင်များအား ကူညီနေသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူများက ပြောဆိုသည်။

အလားတူ ကရင်နီတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံစစ်ရှောင်ပြည်သူ ၄ သိန်း ကျော်အတွက် အထောက်အပံ့များစွာ လိုအပ်နေသည်ဟုလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့‑ KnHRG ၏ ပြောပြချက်အရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here