ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ စစ်တောင်းမြစ်တံတား အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်စခန်းကို ဖြတ်သန်းပြီး ဆန်အိတ်ရေ အများအပြား တင်ဆောင်၍ ဖြတ်သန်းလိုသော မော်တော်ယာဉ်များ သယ်ယူခွင့် ထောက်ခံစာ လုပ်မှသာ ဖြတ်သန်းသွားလာခွင့်ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဆန်ပိုသယ်ဆောင် လာသည့် ကားများကို ငွေကြေးအခွန်ခများ ကြုံသလို ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
ထိုတံတားကို ဖြတ်သန်းသွားလာနေရသည့် ဒေသခံအမျိုးသားတစ်ဦးက “သူတို့ (စစ်ကောင်စီ) ကောက်တာ ဘယ်လောက်ရယ်လို့ မဟုတ်ဘူး၊ ပါးစပ်ထဲရှိတာ ပြောပြီးတောင်းတာ။ ထောက်ခံစာလုပ်ရတာက ဘယ်လောက်မှ မကုန်ဘူး ဆိုပေမယ့် လူတိုင်းကို အဲ့လောက်အိတ်အများကြီးသယ်ပြီး ဖြတ်ခွင့် ပေးမထားဘူး။ ထောက်ခံစာလည်း လူတိုင်းကို လုပ်ပေးတာ မဟုတ်ဘူး” ဟု ပြောဆိုသည်။
အဆိုပါ စစ်တောင်းတံတားကို ဖြတ်သန်းသွားလာသမျှ မော်တော်ယာဉ်များအားလုံး တံတားအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ် ဂိတ်စခန်းတွင် ဖြတ်သန်းသွားလာခ ဂိတ်ကြေး ပေးဆောင်ရသော်လည်း ထောက်ခံစာဖြင့် ဆန်သယ်ဆောင်လာသော ကားများအား ဆန်အိတ်အရေအတွက်များရင် များသလို ငွေကြေးထပ်မံကောက်ခံခြင်း ဖြစ်သည်ဟု အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ထို့အပြင် တချို့စစ်ကောင်စီ ဂိတ်စခန်းများတွင်လည်း အဝတ်အစားမှစ၍ ကလေးသူငယ် အသုံးအဆောင်ပစ္စည်း အဆုံး သိမ်းယူခံရခြင်းများ ရှိနေပြီး တချို့မှာ ငွေပေး၍ ပြန်ရွေးယူနေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူများ လှူပေးတဲ့ အဝတ်အစားတွေလည်း စစ်တပ်ဂိတ်စခန်းတစ်ခုမှာ စစ်ပြီး ပြန်မပေးဘဲ သိမ်းထားတာ လေးသောင်းနဲ့ သွားပြန်ရွေးရတယ်။ အရင်တခေါက်ကလည်း ကလေးအနှီးတွေချည်းပဲ နှစ်သိန်းကျော်ဖိုး အကုန် အသိမ်းခံရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
အလားတူ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ စိုးမိုးရာနယ်မြေရှိ စစ်တပ် ဂိတ်စခန်းများတွင် စားနပ်ရိက္ခာများ၊ ဆေးဝါးများ တင်ဆောင်ဖြတ်သန်းခွင့်ကို တားမြစ်ကန့်သတ်မှုများ ရှိနေသောကြောင့် ဒေသတွင်း ကုန်စည် စီးဆင်းမှု အဟန့်အတား ဖြစ်စေသလို ကုန်ဈေးနှုန်း ကြီးမြင့်၍ သွားလာရေး အခက်အခဲများကြောင့် စစ်ဘေးရှောင်များကို လုံလောက်သော အကူအညီပေးနိုင်ရေးမှာ စိန်ခေါ်မှုများရှိကြောင်း စစ်ဘေးရှောင်ကူများကို ကူညီနေသည့် အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။
ယင်းအပြင် အဆိုပါအရပ်ဘက်အဖွဲ့များသည် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသောကြောင့် စစ်ဘေးရှောင်များအတွက် အကူအညီပေးရာတွင် အခက်အခဲ ဖြစ်ရကြောင်းနှင့် နယ်စပ်ဖြတ်ကျော်၍ အကူအညီပေးခွင့်ရရန် မျှော်လင့်ကြောင်းလည်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ -BPHWT က ပြီးခဲ့သည့် မေလကုန်တွင် ပြုလုပ်ခဲ့သည့် “၉” ကြိမ် မြောက်ညီလာခံအပြီး ထုတ်ပြန်ပြောဆိုထားသည်။
ကေအိုင်စီ ပေးပို့သည်။