နောင်ချို ဂုတ်တွင်း စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

0
458
ပုံစာ - ကြားဖြတ်တိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းကား ၁ စီး။

သျှမ်းပြည်၊ နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအနီးတွင် သြဂုတ် ၄ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်၌ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ် ၄ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်က နောင်ချိုမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်း တစ်စီးသည် ဂုတ်တွင်းကားလမ်းပိုင်းရှိ ဇီးပင်ရွာအနီးတွင် အမည်မသိ လက်နက်ကိုင်တစ်ခုမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော် တွေ့တာတော့ သေနေတာ ၁၀ ယောက်လောက် ရှိတယ်။ ကားဘေးမှာ သေနေတာ။ ကားလည်း ခြုံကြားထဲမှာ ထိုးဝင်နေတာ တွေ့ရတယ်။ ကျနော်တို့ကားလည်း အပစ်ခံရတယ်။ လူကတော့ ဘာမှ မဖြစ်သွားဘူး။ ကားတွေတော့ ထိသွားတယ်” ဟု အဆိုပါယာဉ်မောင်းက ပြောသည်။

ယင်းသို့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ လုပ်ဆောင်သည်ကိုမူ အသေးစိတ် မသိရှိရသေးပါ။

ထိုသို့ယာဉ်တန်း ကြားဖြတ်ခံရပြီးနောက် စစ်ကောင်စီသည် နောင်ချိုဘက်မှ ကား ၃ စီးခန့်ဖြင့် စစ်အင်အား ထပ်မံ ဖြည့်တင်းလာပြီး သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကိုလည်း လာရောက် သယ်ယူသွားခဲ့ကြောင်း သိရသည်။

“လမ်းကတော့ မပိတ်ဘူး။ သူတို့ တိုက်ပွဲဖြစ်တုန်းက ပြည်သူတွေ သွားလာဖို့ ခဏရပ်ထားရတာပေါ့။ အလောင်းကိုတော့ စစ်ကောင်စီတွေ လာသယ်သွားတယ” ဟု အဆိုပါယာဉ်မောင်းက ဆက်ပြောသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်တော် (SSPP/SSA) တို့ လှုပ်ရှားလျက် ရှိနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here