ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းအလွန် ၃ လကြာအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိကြသေး

0
255
ပုံစာ - မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ပျက်စီးခဲ့သည့်လူနေအိမ်မှတ်တမ်းများ။ (Photo-ICNCC)

ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး (၃) လကြာ အထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိသေးသောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး မြို့နယ်များရှိ နေအိမ်များ ပြန်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေသေးကြောင်း သိရသည်။

အပြင် စစ်ကောင်စီ၏ နယ်မြေသွားလာခွင့် ကန့်သတ်ပိတ်မှုများကြောင့် မုန်တိုင်းသင့်ပြည်သူများအတွက် အကူအညီရရှိရန် ပိုမိုခက်ခဲရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ICNCC အဖွဲ့ဝင် ဆလိုင်းမင်းညိုက ပြောသည်။

“အဓိက ရန်ပုံငွေအခက်အခဲ ဖြစ်တယ်၊ စစ်ကောင်စီကနေ တဆင့် NGO က ချိတ်ဆက်ပြီး၊ ထောက်ပံ့မယ်ဆိုတဲ့ အပိုင်းမှာ သူတို့က ပိတ်ပင်တားမြစ်မှုတွေ ရှိတယ်။ ဒီအပိုင်းတွေမှာ လူသားစာနာပံ့ပိုးမှု အဖွဲ့အစည်းတွေက လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ဖို့ အခက်အခဲနဲ့၊ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိတဲ့အတွက် ကျွန်တော်တို့ များစွာ အခက်ခဲဖြစ်တယ်။ သာမန်ကာလ မဖြစ်တဲ့အတွက် တော်လှန်ရေးကာလအစိုးရကလည်း လောလောဆယ် ရန်ပုံငွေအခက်ခဲအရ ပံ့ပိုးမှုအပိုင်းတွေမှာ တော်တော်လေး ဖြန့်ကျက်တော့ အခက်အခဲဖြစ်တယ်” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဆလိုင်းမင်းညိုက ပြောသည်။

ချင်းပြည်နယ်အတွင်း ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုက်ကလုန်း မုန်တိုင်းကြောင့် တွန်းဇံမြို့နယ်မှလွဲပြီး ကျန် ၈ မြို့နယ်တွင် နေအိမ် ၂,၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၀၂ ကျောင်း၊ ကျန်းမာရေး အဆောက်အအုံ ၁၂ လုံး၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင် နှင့် အခြားအဆောက်အအုံ ၆ လုံး စုစုပေါင်း ၃,၃၃၈ လုံး ပျက်စီးမှုရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ICNCC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့နယ်သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်သည့်အပြင် ကျန်မြို့နယ်၊ ကျေးရွာများ တွင်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လူနေအိမ်၊ IDP (Camp) များ ပြန်လည် ပြုပြင်တည်ဆောက်လျက် ရှိရာတွင် လက်ရှိတွင် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်နေသေးသည်ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ကယ်ဆယ်ရေးအသင်းမှ ဒေါ်လှမေက ပြောသည်။

“ဒီအချိန်က မိုးရာသီဆိုတော့ ဝါးက ယူလို့မရဘူး။ ပြီးတော့ မြို့ပေါ်လည်း တက်ခွင့်မရှိဘူးဆိုတော့ သံချောင်း၊ သွပ်တွေတောင် ဝယ်လို့ မရဘူး။ ဝါးတဲလေးတွေနဲ့ နေကြရတယ်။ လူမှုအဖွဲ့အစည်းကတွေကတောင် သူတို့စီမှာ ကူညီဖို့တောင် မဝင်နိုင်တာ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ စပါးကျီပျက်စီးတဲ့သူတွေ အများကြီးပါတော့ စားသောက်ရေး ခက်တယ်။ ဆန်တွေလည်း ရွာထဲမှာ ရှိတဲ့ဟာတွေကို မျှစားစနစ်နဲ့ လုပ်နေကြတယ် ဆီ၊ဆား၊ ငပိ က အစ ခက်ခဲနေကြတယ်” ဟု ဒေါ်လှမေက ပြောသည်။

လက်ရှိအချိန်ထိ မုန်းတိုင်းသင့်ပြည်သူများမှာ ပျက်စီးမှုနည်းပါးသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင် တို့တွင် ခိုလှုံနေလျက်ရှိကြပြီး ၎င်းတို့၏နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန် သံ၊ သွပ်၊ တိုင်၊ ဝါး အပါအဝင် အိမ်ဆောက်သုံးပစ္စည်းများ လိုအပ်နေသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ “မိုခါ” ဆိုက်ကလုန်းမုန်တိုင်းသင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် NUG မှ ဗဟို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာနနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ အဖွဲ့တို့က ချင်းပြည်နယ် ၉ မြို့နယ်အတွင်းမှ လူနေအိမ် ပျက်စီးမှုများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာ တာလပတ်များ ဝယ်ယူနိုင်ရန် ငွေကြေးကူညီထောက်ပံ့ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် စစ်ရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်ဖြစ်သည့်အပြင် မိုခါမုန်တိုင်းကြောင့် လမ်းများ ပျက်စီးခြင်း၊ မြေပြိုခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းကြောင့် ယခင်ထက် ပိုမိုခက်ခဲသောကြောင့် ကူညီရရှိမှုနည်းပါးသည်ဟု အဆိုပါစခန်းတာဝန်ခံက ပြောသည်။

“တချို့ကျေးရွာမှာ တော်တော်လေးဆိုးရွားတဲ့အိမ်တွေ အလုံးလိုက် လုံးလုံးပျက်စီးသွားတာ ရှိတော့ ပျက်စီးသွားပြီးရင် ပြန်နေဖို့ မရှိဘူးဆိုတော့ ရှိတဲ့ဟာနဲ့ ရပ်ရွာလူထုပေါင်းအားနဲ့ ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြင် ကြရတယ်၊ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတဲ့ စစ်ဘေးရှောင်စခန်းကတော့ မိုးကာတွေ၊ ယာယီတဲတွေဆိုတော့ ပြန်ပြန်ပြီး ဆောင်ရွက်တာ ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နှင့် မတူပီမြို့တို့ရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အုံများအတွက် ငွေကျပ် ၃၇၂,၈၂၄ သန်း ကို ဇူလိုင် ၇ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here