လက်နက်နဲ့အတူ ခိုလှုံလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဆုငွေ ကျပ်သိန်း ၂၀ ကျပ် ချီးမြှင့်

0
401
ပုံစာ - လက်နက်နဲ့အတူ CDM လုပ် ခိုလှုံလာသည့် စစ်ကောင်စီတပ်သား။

စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှ တပ်သားတစ်ဦး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM တပ်သားအဖြစ် လာရောက်ခိုလှုံ ခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း (၁) ထံက သိရသည်။

ကိုယ်ပိုင်နံပါတ် (တတ-၁၃၁၂၅၈) တပ်သား တင်သိန်းသည် ဇူလိုင်လ ၃ ရက်နေ့က လက်နက်ဖြင့် CDM တပ်သားအဖြစ် ခိုလှုံခဲ့ရာတွင် အမှတ် (၁၀၀၁) မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ((MBPDF)၊ တပ်ခွဲ (၃) ကျွဲချိုတပ်ခွဲမှ CDM ဝင်ရောက်လာသည့် တပ်သား တင်သိန်းကို ဆုငွေ ၂၀ သိန်း ကျပ်တိတိကို ပေးအပ် ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိတယ်လို့ မိုးဗြဲ PDF က ပြောသည်။

အဆိုပါ တပ်သားသည် အသက် ၂၀ အရွယ်ရှိပြီး ဆန္ဒမပါပဲ စစ်တပ်ထဲ တာဝန်ထမ်းဆောင် ခဲ့ရကြောင်းနှင့် စစ်အာဏာရှင်ကို မကြိုက်တဲ့အတွက် CDMအနေနဲ့ ရုန်းထွက်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့ ဖေ့ဘုတ်စာမျက်နှာက ဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် CDM တပ်သား တင်သိန်းက ပြောကြားထားသည်။

စစ်အာဏာရှင်ကို ပြန်လည်တိုက်ထုတ်တဲ့နေရာမှာ ပါဝင်သွားမယ်လို့ တပ်သား တင်သိန်းက ပြောဆိုသည်။ ၎င်းအား ငွေ ၃ သိန်းပေးပြီး တပ်စုဆောင်းရေးထဲ ခေါ်ဆောင်ခံရကြောင်း၊ သင်တန်းပြီးပြီးချင်း မိုးဗြဲဖက်ကို ရှေ့တန်းပို့ဆောင်ခံရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ အနေနဲ့ စစ်ကောင်စီကိုစွန့်ခွာပြီး တော်လှန်ရေးမှာ CDM ပြုလုပ်ပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ဖိတ်ခေါ်တာတွေလည်း ရှိနေသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်သားများကို CDM ပြုလုပ်ဖို့ ဖိတ်ခေါ်တာတွေလည်း ရှိသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here