စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့်ကားများအား စစ်ဆေး၍ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ် ၃ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်တွင် တောင်ဖီလာရပ်ကွက် အ.ထ.က- ၂ ကျောင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များက လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များထံ ငွေကြေးတောင်းခံနေစဉ် အသင့်စောင့်ကြိုနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဖောက်ခွဲပြီးနောက် နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ကလေးမြို့ခံများက ပြောသည်။
ကလေးမြို့ခံတစ်ဦးက “စစ်သားတွေက နောက်တန်းဘက်မှာ ကားရော ဆိုင်ကယ်ရော စစ်နေတာ ပြီးတော့ ပိုက်ဆံတောင်းတယ်၊ အဲမှာ ရွာဘက်ပြန်မယ့် skat ကားတစ်စီးကို စစ်သားတွေက စစ်ဆေးပြီးတော့ သူတို့ပစ္စည်းတွေရော ထုတ်ခိုင်းတယ်။ အဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်သားတွေကို စ ပစ်တယ်။ ပစ်ခတ်သံကြားတော့ အဲကားလည်း အမြန်ထွက်ပြေးပြီးတော့ ကားပေါ်က ပစ္စည်းတွေလည်း လမ်းတလျှောက်မှာ ပြန့်ကျဲသွားတယ်။ ပြီးတော့ အဲမှာ စစ်သားတယောက် ပစ်ခံရတော့ သေသွားတယ်” ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုတွင် ဒါဏ်ရာပြင်းထန်သည့် စစ်သား ၃ ဦးလည်း ထပ်မံသေဆုံးသွားသည်ကို သိရကြောင်း ကလေးမြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် ကလေးမြို့တွင် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များအား နေ့တိုင်းလိုလို စစ်ဆေးမှု ပြုလုပ်၍ ငွေကြေးတောင်းခံမှုများ မကြာခဏ ပြုလုပ်လေ့ ရှိသောကြောင့် ဒေသခံများက အပြင်ထွက်လျှင် စိုးရိမ်မှုများ ရှိနေကြဟု ပြောဆိုကြသည်။
KMG ပေးပို့သည်။