နမ္မတီးမြို့ စည်ပင်ဦးစီးမှူး ပစ်သတ်ခံရ

0
447
ပုံစာ - နမ္မတီးမြို့ စည်ပင်သာယာရေးဌာန ဦးစီးမှူး ပစ်သတ်ခံရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်းကူးအနားတွင် နမ္မတီးမြို့ စည်ပင်သာယာရေးဌာန ဦးစီးမှူး ပစ်သတ်ခံလိုက်ရတယ်လို့ မြစ်ကြီးနား ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် ည ၈ နာရီခန့်က အိမ်စီးကားအဖြူဖြင့် ဧဒင်ရပ်ကွက်မှ အေးမြသာယာရပ်ကွက်ဘက်ကို မောင်းဝင်လာစဉ် ပစ်သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက အခုလို ပြောပါသည်။

“အဲမှာ အရပ်ဝတ်လူတစ်စုက မသင်္ကာတဲ့သူတွေဆို စစ်ဆေးနေကြတာ၊ အဲချိန် အဲကားက အေးမြသာယာဘက်ကို ဝင်လာတဲ့ချိန် တားတာ မရပ်ပေးလို့ လှမ်းပစ်လိုက်ကြတာ” လို့ ၎င်းက ပြောဆိုသည်။

မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေက ကင်းလှည့်စစ်ဆေးနေချိန် ပစ်သတ်မိတာ ဖြစ်နိုင်တယ်လို့ ပြောဆိုမှုများ ရှိနေပေမယ့် ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာကို သိရှိနိုင်ဖို့ မြို့မရဲစခန်းကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ယင်းအပြင် မြစ်ကြီးနား ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် ယခုပစ်သတ်ခံရမှုက ကာကွယ်ရေးတပ်ရဲ့ လက်ချက်မဟုတ်ကြောင်း ပြောဆိုထားသည်။

ပစ်သတ်ခံလိုက်ရသည့် နမ္မတီးမြို့ စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးဖြိုးဝေသည် တနိုင်းမြို့ စည်ပင်ဌာနကနေ နမ္မတီးမြို့ကို ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ဒေသခံများထံက သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူများ ကို စစ်ကောင်စီဘက်က ဖမ်းဆီးပစ်သတ်တာတွေ ရှိနေသလို ဒေသကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီတပ်နှင့် သက်ဆိုင်သည့် အစိုးရရုံးများကို ပစ်ခတ်တာ သွားရောက်ဖောက်ခွဲသည့် ဖြစ်စဉ်များ ရှိနေတယ်လို့ ဒေသခံများထံက သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here