နွားကျောင်းသားလူငယ် ၁ ဦး လက်ပစ်ဗုံးပေါက်ကွဲပြီး သေဆုံး

0
378
ပုံစာ - နွားကျောင်းသားလူငယ် ၁ ဦး လက်ပစ်ဗုံးပေါက်ကွဲလို့သေဆုံးသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု ပန်ကိုင်ကျေးရွာတွင် အသက် ၁၈ နှစ် အရွယ် လူငယ် ၁ ဦး နွားသွားကျောင်းရင်း လက်ပစ်ဗုံး ၁ လုံး တွေ့ရှိလို့ ကောက်ယူဆော့ကစားရာက ဗုံးပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှု ပတ်သက်ပြီး ပန်ကိုင်ကျေးရွာခံ အမျိုးသားတစ်ဦးက “လက်ပစ်ဗုံးက စစ်လက်နက်ကျန်ပစ္စည်းတွေပါ။ သူက နွားကျောင်းရင်း အဲဒီလက်ပစ်ဗုံးကို ကောက်မိတယ်။ ကောက်ပြီးတော့ သူလည်း လက်ပစ်ဗုံးဖြစ်မှန်းမသိလို့ ထင်တယ်၊ ဆော့ကစားမိရာကနေ ပေါက်ကွဲသွားတယ်။ သူကတော့ အဲမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၃ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ မိုင်းအလှဆိုသူ ဖြစ်သည်ဟု ပန်ကိုင်ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျန်ရှိခဲ့သည့် စက်လက်ကျန်ပစ္စည်းများကို ဒေသခံများက တွေ့ရှိကောက်ယူ သိမ်းဆည်းရာက ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

တချို့က ကောက်ယူဆော့ကစားရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို့ တချို့က တွေ့ရှိပြီး အိမ်သို့ ပြန်ယူလာသည့် အခါတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပန်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကျေးရွာမှာက မိုင်းအသိပညာ လာရောက်ပေးတာတွေ ရှိပါတယ်။ NGO အဖွဲ့ရယ်၊ တခြားအဖွဲ့အစည်းတွေ လာရောက်ပေးပါတယ်။ ကျေးရွာမှာက အခုလိုမျိုး လက်ပစ်ဗုံးထိတာလည်း ဒါပထမဦးဆုံးလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

သေဆုံးသူ မိုင်းအလှသည် တန့်ယန်းမြို့နယ် လွယ်ဆိုင်ကျေးရွာက ရွာသားတစ်ဦးဖြစ်ပြီး နမ္မတူမြို့နယ် ပန်ကိုင်ကျေးရွာတွင် နွားကျောင်းသည့်အလုပ်ကို လာရောက်လုပ်ကိုင်နေသည်မှာ ၃ လခန့်သာ ရှိသေးသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာအုပ်စု ဆိုင်ကောင်းကျေးရွာခံ အမျိုးသားတစ်ဦးသည် ခြုံရှင်းရင်း မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းကို ပေါက်တူးနှင့် ပေါက်မိရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

နမ္မတူမြို့နယ် ချောင်းဆာအုပ်စုတွင် ပြီးခဲသည့် ၂၀၂၁ – ၂၀၂၂ ခုနှစ် အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်နယ်မြေ ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here