ရှမ်းတောင်ရှိ ကရင်နီစစ်ရှောင် ၁၄၀၀ ကျော် AHA Centre ရဲ့ ထောက်ပံ့မှု ပထမဆုံးအကြိမ် လက်ခံရရှိ

0
391
ပုံစာ - AHA Centre က ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ကို ပထမဆုံးအကြိမ် ထောက်ပံကူညီခဲ့သည်။

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (AHA Centre) က ထောက်ပံကူညီသည့် ပစ္စည်းတချို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာတွင်ရှိသည့် ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်က ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လအတွင်းမှာ ရရှိခဲ့ကြကြောင်း သိရသည်။

စစ်ရှောင် အိမ်ထောင်စု ၄၀၀ ၊ လူဦးရေ ၁,၄၅၀ ဦးအတွက် ဆန်နဲ့ တကိုယ်ရည်သုံး အသုံးအဆောင် ပစ္စည်းတချို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က တဆင့် ထောက်ပံ့ပေးခဲ့တာ ဖြစ်ကြောင်း ကရင်နီစစ်ရှောင်များက ပြောဆိုသည်။

ထိုသို့ထောက်ပံ ကူညီမှုနှင့် ပတ်သတ်ပြီး PNLO တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းက “အဲဒါ ပထမဆုံးအကြိမ် ပြောလို့ရပါတယ်။ အရင် တခေါက်က သူတို့လာတာ မိသားစု (၁၀) စု စာပေါ့နော။ ပေးသွားတာ ရှိတယ်။ ကျန်တဲ့ ၄၀၀ ကတော့ ဒီတစ်ခေါက်မှ ပေးနိုင်တယ်ပေါ့နော။ အရင်တုန်းက အာဆီယံ သံတမန် ကိုယ်တိုင်လာပြီးတော့ ပေးဖို့ဆိုပြီးတော့ အဲဒီတုန်းက အဆက်တွေပေါ့နော။ အဲဒီတုန်းက ပေးတော့ မပေးနိုင်ခဲ့ဘူး၊ ဒါပေမယ့် မိသားစု (၁၀) စာ၊ ဒီတစ်ခေါက်ကတော့ ၄၀၀ စာပေါ့။ စုစုပေါင်းကတော့ ၄၁၀ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အိမ်ထောင်စု ၄၀၀ အတွက် ဆန်အိတ် ၄၀၀ နှင့် မိသားစုသုံး အသုံးဆောင်ပစ္စည်း၊ တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်း တို့ကို ကူညီပေးခဲ့တာ ဖြစ်တယ်လို့ ၎င်း က ပြောဆိုသည်။

“စစ်ရှောင်တွေအတွက်တော့ အများကြီး မဟုတ်ရင်တောင်မှ အနည်းငယ်အထောက်ပံ့ ဖြစ်စေတာပေါ့။ ခုကလည်း အလှူရှင် ထောက်ပံ့မှုကလည်း စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ပိုပိုနည်းလာတယ်။ နေရာတိုင်းမှာကတော့ လိုအပ်ချက်တွေပါပဲ” လို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

အခုကဲ့သို့ ထောက်ပံ့ကူညီပေးနိုင်ခဲ့ပေမယ့် မြေပြင်မှာ စစ်ရှောင်တွေရဲ့ လိုအပ်ချက်က ရှိနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောဆိုသည်။ သို့သော် AHA Centre က စစ်ရှောင်တွေကို ဆက်ပြီးကူညီမယ့် အခြေအနေကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ၎င်းက ဆက်ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က စစ်ရှောင်များကို ကူညီရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် PNLO ဆက်ဆံရေးရုံးကို လာရောက်သည့် အာဆီယံသံတမန် ယာဉ်တန်း ပစ်ခတ်ခံခဲ့ရသည်။ ယင်းသို့ ပစ်ခတ်ခံရသည့် ဖြစ်စဉ်နောက်ပိုင်း AHA Centre ၏ လက်ရှိထောက်ပံ့မှုသည် ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here