ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်မြေပြင် တနေရာ၌ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ချိန် ကျန်ရှိနေခဲ့သည့် စစ်ကောင်စီတပ်၏ ရုပ်အလောင်းတချို့ကို မြေမြုပ်သင်္ဂြိုလ် ပေးခဲ့တယ်လို့ ပြောဆိုသည်။
စစ်ကောင်စီက သေဆုံးသွားသည့် ၎င်းတို့တပ်သားများ၏ ရုပ်အလောင်းတွေကို ပြန်လည်ကောက်ယူလေ့မရှိဘဲ လက်နက်တွေကိုသာ ပြန်ယူဆောင်သွားကြတယ်လို့ KNDF ထံက သိရသည်။
ထိုသို့ ကျန်ရှိနေခဲ့သည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ကို KNDF က မီးရှို့သင်္ဂြိုလ်ပေးခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲ ပြင်းထန်ဖြစ်ခဲ့တဲ့ နေရာတွေပေါ့၊ လပေါင်းများစွာ ကြာပေါ့၊ အဲ့လိုနေရာတွေမှာ စစ်ကောင်စီရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေက အများကြီးပဲ။ တချို့အလောင်းတွေက မရှိတော့ဘူး။ အဲ့ကတည်းက တိုက်ပွဲတွေထဲမှာပဲ မီးရှို့ပေးလိုက်တာမျိုးတွေ ရှိတယ်။ သူ့ဟာသူ ပျောက်သွားတာမျိုးတွေလည်း ရှိတယ်” ဟု အဆိုပါ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။
နှစ်ဘက်တိုက်ပွဲများ နည်းနည်း ပြန်ငြိမ်သက်စဉ် နယ်မြေရှင်းလင်းရေး ပြန်လုပ်ချိန်၌ ကျဆုံးကျန်ရှိနေသည့် စစ်ကောင်စီ ရုပ်အလောင်းတချို့ တွေ့ရှိသည့်အခြေအနေကို KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက အခုလို ဆက်ပြောသည်။
“ကောက်ယူလို့ရတဲ့ စစ်ကောင်စီရဲ့ ရုပ်အလောင်းတချို့ ကျန်တယ်ပေါ့။ ထွေထွေထူးထူး လုပ်ပေးတာတော့ မဟုတ်ဘူး။ ကျနော်တို့အလုပ် ကျနော်လုပ်တာ။ အဲ့လိုလုပ်ရင်း စစ်ကောင်စီရဲ့ အလောင်းတွေ့တဲ့ အခါမှာတော့ ဒီအလောင်းတွေ မြေမြုပ်ပေးလို့ ရသေးတယ်ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ မြုပ်ပေးလိုက်တဲ့ ပုံစံမျိုးပါပဲ” လို့ ၎င်းက ပြောပါသည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၌ စစ်ကောင်စီနဲ့ ထိတွေတိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လတ်တလောမှာ ငြိမ်နေတယ်လို့ ၎င်းက ဆက်ပြောဆိုသည်။
“လက်ရှိ ဒီးမောဆို အရှေ့ဘက်ခြမ်းမှာတော့ တိုက်ပွဲလေးတွေ နည်းနည်းပြန်ငြိမ်နေတယ်ပေါ့နော်။ ရံဖန်ရံခါပေါ့၊ ကြိုကြားကြိုကြား တိုက်ပွဲမျိုးတွေပဲ ရှိတယ်။ ထိတွေ့မှု အနည်းငယ် ဖြစ်တာပဲ ရှိတယ်။ လတ်တလောမှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်ပေါ့” ဟု KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ၂၀၂၃ ခုနှစ် မတ်လ ပထမပတ်ကတည်းက စစ်ကောင်စီက စစ်အင်အား အလုံးအရင်းနှင့် ဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။