လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အပါအဝင် ၁၉ ဦး လွတ်လာ

0
302

စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၇,၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအပါအဝင် ၁၉ ဦး လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

“လွိုင်ကော်အကျဉ်းထောင်က အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦး လွတ်လာပါတယ်။ ၅၀၅ ( က ) တချို့ ပါတယ်” ဟု အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ၄ ကြိမ် ရှိပြီဖြစ်ပြီး လက်ရှိအထိ လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်ရသူ စုစုပေါင်း ၁၄၇ ဦး ရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားသူ ၁၉၆ ဦး ရှိနေသေးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က သြဂုတ်လ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၅၀၅ ( က ) အပြင် တခြားဥပဒေပုဒ်မနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၅ နှစ် ကျခံနေရသူအား အဆက်အသွယ် မရသလို ယခုလွတ်ငြိမ်းသက်သာခွင့်ထဲတွင်လည်း မပါဝင်ဘူးလို့ ၎င်း၏မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်တွင် သေဒဏ်ကျခံရသူများကို ထောင်ဒဏ် တသက်တကျွန်းအဖြစ် ပြောင်းလဲပေးခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သည့် ကြားနာနေဆဲအမှု ရင်ဆိုင်နေရသူ ၇၂ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းသား ၇ ထောင်ကျော်ကို လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီအထိ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်ကို အတည်ပြု ထားနိုင်ပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ခဲ့သည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here