အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် MBDF, GPDF တို့ မဟာမိတ်ဖွဲ့စည်း

0
428
ပုံစာ - ACDF, MBDF, GPDF တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်။

မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GPDF) တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး စစ်ဆင်ရေးများကို အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ အတူတကွ ပူပေါင်းလက်တွဲသွားမည်ဟု သတင်းထုတ်ပြန်သည်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် MBDF, GPDF တို့ ဩဂုတ်လ (၁) ရက်မှ စ၍ မဟာမိတ်ဖွဲ့စည်းလိုက်ပြီး ညီရင်းအစ်ကိုပမာ စိတ်ဓါတ်ဖြင့် အမိန့်တစ်ခုထဲအောက်တွင် တိုက်ပွဲဝင်သွားမည်ဟု ဩဂုတ် ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အရှိုချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက “ကျနော်တို့ ဒီလိုဖွဲ့စည်းလိုက်တာက နယ်မြေအခြေအနေကြောင့်ပါ။ နယ်မြေအခြေအနေဆိုတာက စစ်ရေးလှုပ်ရှားတဲ့ နယ်မြေတွေကလည်း အတူတူ ဖြစ်ကြတယ်။ အဲတော့ အလုပ်အတူတူ လုပ်ကြမယ်ဆိုပြီးတော့ မဟာမိတ်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ အရှိုချင်းကာကွယ်ရေးတပ်မှာ မူဝါဒတစ်ခု ရှိတယ်။ စစ်အာဏာရှင်ကို တွန်းလှန်မယ့် မည်သည့်အဖွဲ့ နဲ့မဆို ကျနော်တို့က တွန်းလှန်သွားမယ်ဆိုတဲ့မူဝါဒ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီးနောက် စစ်ရေးလှုပ်ရှားမှုများတွင် စနစ်ကျသော အမိန့်ပေးကွပ်ကဲမှုတရပ် (Chain of Command) တည်ဆောက်၍ အခြားသော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်သွားမည်ဟု သိရသည်။

မဟာမိတ် (၃) ဖွဲ့သည် အနာဂါတ်နိုင်ငံတော်အား ဖက်ဒရယ်စနစ်ကို အခြေခံ၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော နိုင်ငံတော်သစ်တစ်ရပ်ကို ဖော်ဆောင်ရန် ရည်မှန်းသည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here