မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီ စစ်ကား အစီး ၇၀ အင်အားဖြည့် တိုးမြှင့်ထားပြီး စစ်ရေးတင်းမာနေ

0
427
ပုံစာ - ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့များကို ရှေ့တန်းတနေရာတွင်တွေ့ရစဉ်။

ကရင်နီ (ကယား) ပြည် မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက် စစ်ကောင်စီ စစ်ကား အစီး ၇၀ ဖြင့် အင်အားဖြည့် တိုးမြှင့်ထားတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

လွိုင်ကော်မြို့ထဲကို ဇူလိုင်လ ၂၄ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာလို့ ပစ်ခတ်မှုတွေ ရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ် ခုက ပစ်ခတ်မှုတွေတော့ ရှိနေသေးတာပေါ့နော်။ ဒီကုန်းသာ အဆင်းနားမှာပေါ့။ ပြီးတော့ သူတို့နယ်မြေရှင်းလင်းရေး လုပ်နေတာတွေ အင်အားဖြည့် ဆေးစစ်နေတာတွေ အဲ့တာကြောင့် အရိပ်ယောင် မြင်တွေ့နေရတယ်။ အင်အားက ပထမပိုင်းမှာက ၂၅၀ ၊ ၃၀၀ နီးပါးတော့ ရှိတာပေါ့။ ခြေလျင်နဲ့ လာတယ်။ ခြေလျင်နဲ့ လာပြီးတော့ ညနေခင်းမှာ ကားနဲ့ ဝင်တယ်။ ၄၀ တစ်ခါ ၃၀ တစ်ခါပေါ့နော်။ ခုလောဆယ်က ထိတွေ့ တိုက်ခိုက်တာ အနည်းငယ် ရှိပါသေးတယ်” လို့ KNDF တပ်ရင်း ၂ တာဝန်ရှိက ပြောဆိုသည်။

အင်အားဖြည့် ပို့လာသည့် စစ်ကောင်စီ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဖယ်ခုံမြို့နယ် မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဦးဗညားက စစ်ကောင်စီတပ်ဟာ ကရင်နီပြည် အတွင်းကို တပ်အင်အားအလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ပြောဆိုသည်။

“သူတို့ကတော့ ကရင်နီ ပြည်နယ်ကို စောနက ပြောသလို တကယ့်ကို စံပြအနေနဲ့ ကျတော်တို့ကို ထားပြီးတော့မှ ဖျက်ဆီးဖို့ အတွက်ပေါ့နော်၊ လုံးဝကို ပျက်စီးအောင် ကြံဆောင်နေတယ် ဆိုတာတော့ ကျတော်တို့ ပြောလို့ ရပါတယ်” ဟု ဦးဗညားက ပြောသည်။

လတ်တလောတွင် အဆိုပါ မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက်ကို ပြည်သူတွေအနေနဲ့ သွားလာခြင်း မလုပ်ကြဖို့ KNDF တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူက သတိပေးပြောဆိုသည်။

“မဖြစ်မနေ အရေးကြီးဆို သတိထားပြီး သွားလာစေချင်တယ်။ အတတ်နိုင်ဆုံးက မသွားလာသေးတာ အကောင်းဆုံးပါပဲ” လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီက လမ်းမကြီးတလျှောက်ရှိ ကျေးရွာတချို့မှာ တပ်စွဲနေရာယူထားတာကြောင့် ဒေသခံတွေက လွိုင်ကော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေရတာရှိတယ်လို့ ဒေသခံရွာသားများက ပြောသည်။

မိုးဗြဲ- လွိုင်ကော်မြို့ကို သွားသည့် လမ်းတလျှောက်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဦးဗညားက “စစ်ကောင်စီက ကျနော်တို့ပြည်နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ပို့လာတဲ့အပေါ်မှာ တော်လှန်ရေး အင်အားစုတွေကတော့ ဖြတ်တောက် တိုက်ခိုက်မှုတွေ ရှိတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ စစ်ကောင်စီက ရွာတွေမှာ ဝင်နေတာ ရှိတယ်။ လူထုတွေ တိမ်းရှောင်နေတဲ့ ဧရိယာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အတွက်ကြောင့်မလို့ လူထုတွေ သေကြေပျက်စီးနေတာကိုလည်း ကြားနေရပါတယ်” လို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှာ မိုးဗြဲ- လွိုင်ကော် လမ်းမကြီးအတိုင်း ဆင်းလာသည့် တပ်မ ၅၅ ကို ဖယ်ခုံ PDF တပ်ရင်းအမှတ် 1006 နဲ့ KNDF တပ်ရင်း ၃ တို့ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ကန်းကျိုင်းရွာဘုန်းကြီးကျောင်းနဲ့ ဆောင်ကန်း (ရှမ်း) မှာ တပ်စွဲထားလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေကြောင်း ဒေသခံတွေထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကတည်းက ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီ၏ တပ်မ (၄၄)၊ (၅၅)၊ (၆၆)၊ (၇၇)၊ (၉၉) တပ်တို့မှ အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး တပ်ဖြန့်ထားသလို ကရင်နီပြည်တွင်း နေရာအနှံ့အပြား တွင်လည်း စစ်ကောင်စီက စစ်ကြောင်း ထိုးတာကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကန္တာရဝတီတိုင်း(မ်)- မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here