စစ်ကောင်စီတပ်က တိုက်ပွဲပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်ကို တပ်သားအင်အား ဖြည့်တင်းပြီး နယ်မြေ စိုးမိုးမှု ပြန်ရရှိဖို့ ကြိုးပမ်းနေချိန်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
CDM ပြုလုပ်ပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေအတွက် လက်ရှိအချိန်ထိလည်း နေရာထိုင်ခင်းနဲ့ လုံခြုံရေးအတွက် စီစဉ်ပေးထားနိုင်တဲ့အတွက် ထပ်မံပြီး CDM ပြုလုပ်ကြဖို့ ဖိတ်ခေါ်တာလို့ KNPP ရဲ့ဘက်ပြောင်း ခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ်(အက်စ်) က ဇူလှိုင်လ ၂၄ ရက်နေ့က ပြောဆိုလိုက်တာပါ။
“ကျနော်ပြောချင်တာက ထွက်လာချင်တဲ့လူတွေ ထွက်လာလိုက်ပါပေါ့။ ဘက်ပြောင်းလာပါလို့ အဲဒီလိုမျိုး အားပေးချင်တယ်။ အသက်အန္တာရာယ် မရှိစေရဘူးဆိုတဲ့ဟာလည်း ပြောချင်တယ်။ ထမင်းလည်း အများမငတ်ရင် ထွက်လာတဲ့လူလည်း မငတ်ဘူးဆိုတာကိုလည်း အဲလို သိစေချင်တယ်။ အလုပ်အကိုင်ဝင်ငွေ အဆင်ပြေပါ့မလား။ အဲဒါကတော့ အများနည်းတူ အဆင်မပြေသလို တိုင်းပြည်တစ်ခုလုံး ပြည်ထောင်စုတစ်ခုလုံး အဆင်ပြေတဲ့နေရာ ဘယ်မှာမှ မရှိတာ အများနည်းတူပဲပေါ့။ အဲဒီလိုမျိုး နားလည်ထားဖို့လိုတယ်” လို့ ခူးတော်ရယ် (အက်စ်) က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ပြုလုပ်နိုင်ရန် အတွက် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ဘက်ပြောင်းခိုလှုံသူများနှင့် CDM ကြီးကြပ်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းထားပြီး လက်ခံရေး အစီအစဉ်တွေကို KNPP က ဆောင်ရွက်ခြင်း ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ တပ်သားဘဝဖြင့် နှစ်နှစ် တာဝန်ထမ်းဆောင်ရင်း နယ်စပ်တွင်ရှိသည့် တပ်စခန်းတစ်ခုကနေ ထွက်ပြေးပြီး KNPP ထံ CDM ပြုလုပ်လာတဲ့ အသက် ၂၂ နှစ် အရွယ် လူငယ်တစ်ဦးက စစ်ကောင်စီတပ်ထဲမှာ နေစဉ်ကအတွေ့အကြုံကို အခုလို ပြောသည်။
“အဲဒီမှာနေတုန်းက အမြဲစိတ်ဆင်းရဲနေရတယ်ဗျာ။ ပြီးတော့ လုပ်ရကိုင်ရတာလည်း ကျပ်တည်းတယ်။ ပြီးရင် အဲဒီမှာ နေတုန်းကဆိုရင် ကိုယ်သေမယ့်ရက်ကို စောင့်နေရသလိုပဲဗျာ။ ပြီးတော့ ဘယ်နေ့သေလို့ သေရမယ်မှန်း မသိ၊ ပြီးတော့ အစားအသောက် ငတ်ပြတ်ခံပြီး စောင့်တယ်။ အဆဲခံရချိန်လည်း အဆဲခံရ။ ပြီးတော့ကင်းဆိုလည်း ညဆို ၆ နာရီအထိ နေ့ခင်းဆိုလည်း တစ်နေကုန် အဲဒီလိုမျိုး နေရတယ်ဗျာ။ အလုပ်ကြမ်းတွေလည်း လုပ်ရသေး၊ ရေတွေလည်း ခပ်ရသေး” လို့ ၎င်းက ပြောပါသည်။
KNPP က ဘက်ပြောင်းခိုလှုံလာသည့် စစ်သား CDM များ ကို လုံလောက်သည့် အချိန်ကာလတခုအထိ လက်ခံထားပြီး ၎င်းတို့ကိုယ်တိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်နိုင်အောင် ကူညီဆောင်ရွက် ပေးတာတွေရှိတယ်လို့ ၎င်း၏ ပြောဆိုမှုအရ သိရပါသည်။
အဖွဲ့ခေါင်းဆောင် ခူးတော်ရယ်(အက်စ်) “ထွက်လာတဲ့သူတွေ အဲဒီစခန်းမှာ ကျနော်တို့ သူ့ဟာသူ သေသေသပ်သပ်လေး ဖြစ်အောင် လုံလုံခြုံခြုံလေး ဖြစ်အောင် အဲဒီလိုတွေ စီစဉ်ထားတယ်ပေါ့။ ထွက်လာတဲ့ လူတွေကို ဆိုလို့ရှိရင် ဥပမာ ထားပါတော့၊ စစ်ပြန်တိုက်ခိုင်းတာတို့ ရဲဘော်ပြန်လုပ်ခိုင်းတာတို့ အဲဒီလိုမျိုးဟာတွေ ကျနော်တို့ အစီအစဉ်မရှိဘူး။ သူတို့ အချိန်ကာလတစ်ခုအတွင်းမှာ ကျနော်တို့ စီစဉ်ထားတဲ့ နေရာမှာထားတယ်။ ပြီးရင် သူတို့ရှေ့ရေးအတွက် သူ့ဟာသူ ရပ်တည်လုပ်စားနိုင်တဲ့ အခြေအနေတစ်ခုခုကို ကျနော်တို့ နည်းလမ်းတွေ ရှာပြီးတော့မှ စီစဉ်ပေးတယ် ” လို့ ဆက်ပြောသည်။
လက်ရှိအချိန်ထိ KNPP ထံကို CDM ပြုလုပ်လာတဲ့ စစ်သားအရေအတွက် တိတိကျကျစာရင်းကို မသိရသေးပါဘူး။ စစ်ကောင်စီ တပ်သားတွေက ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွင်လည်း CDM ပြုလုပ်သူတွေကို တွေ့ရသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည်လည်း CDM ပြုလုပ်သည့် စစ်ကောင်စီတပ်သားတွေ အတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာ ရှိသည်ကို တေွ့ရသည်။
ကန္တာရဝတီတိုင်း(မ်) – မှပေးပို့သည်။