ကသာ အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို သတ်ဖြတ်

0
352
ပုံစာ- ကသာမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခဲ့သည့်မြင်ကွင်း။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကိုလည်း အပိုင်းပိုင်းဖြတ် သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကသာမြို့နယ် အရှေ့ဘက်ခြမ်းက အင်းဒရန့်ကျေးရွာကို စစ်ကောင်စီ လက်အောက်ခံ ငါးအို ၁၂၁ တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ရွာထဲက အိမ်အလုံးရေ ၂၀ ကျော်ကို ဝင်ရောက်မီးရှို့သွားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ကသာမြို့နယ် အရှေ့ဘက်ခြမ်း အင်းဒရန့်ရွာထဲက အိမ်ပေါင်း ၂၂ လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အဲ့မှာ အိမ်ခြေ ၂၀ ကျော် စာရင်းပေးခဲ့တယ်။ သော့ခတ်ထားတဲ့ဟာတွေ အကုန်ရှို့သွားတယ်။ ပါသွားတယ်။ အင်းဒရန့် ကုန်းတက်နား မော်တော်ဆိပ် အထက်နားက လက်ဖက်ရည်ဆိုင်တို့ စျေးဆိုင်တို့ ရှိတယ်လေ။ အဲ့ဆိုင် တွေကိုတော့ ချန်ထားခဲ့ပြီး တံခါးပိတ်ထားတဲ့ အိမ်တွေတော့ အကုန်လောင်သွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကသာဆိပ်ကမ်း သဲခြံဆိုသည့်နေရာကို ရောက်ရှိလာပြီး ပုလွှေရွှေ မြစ်ကမ်းနားတွင် ရှိသည့် သရက်ခြံတစ်ခြံထဲ တစ်ဖွဲ့ဝင်ရောက်လာကာ ကျန်တစ်ဖွဲ့မှာ အင်းဒရန့် စျေးဆိုင်တန်းနှင့် ရွာထဲက အိမ်များကို မီးရှို့သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကသာ အရှေ့ဘက်ကမ်း အင်းဒရန့်ကျေးရွာထဲသို့ ငါးအိုး ၁၂၁ စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၀ ကျော် ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် ကသာ ၃၀၉ တပ်ထဲ ကို ဝင်သွားသည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့သည့် တစ်လခန့်တွင် ဖမ်းဆီးသွားခဲ့သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇော်နိုင်အား အပိုင်းပိုင်းဖြတ်ကာ သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဒေသခံတစ်ဦးက “စစ်ကြောရေးကို ခေါ်သွားတာ။ အခုကျတော့ သတ်ထားခဲ့တာ။ သတ်ထားခဲ့ပြီးတော့ ခေါင်း တခြမ်း၊ ခြေထောက်တခြမ်းနဲ့ သတ်လိုက်တာ။ သတ်ပြီးတော့ အိတ်နဲ့ထည့်ပြီးတော့ လမ်းဂွ ပင်းမလွတ်တော တစ်နေရာမှာ ထားခဲ့တာ။ KIA က တွေ့ပြီးတော့ ယူသွားပြီ။ ကိုဇော်နိုင်ကို ဖမ်းပြီးသွားတော့ မနေ့တုန်းက သတ်ထားပစ်ခဲ့တာ။ စစ်ကြောရေးမှာ မဖော်လို့နေမှာပေါ့။ အပြီး သတ်ပစ်လိုက်ပြီ။ မြဆည်းဆာနားမှာ မြို့ အဝင် မြို့အထွက်နားမှာ ဖမ်းမိသွားတာလေ” ဟု ပြောသည်။

အသတ်ခံလိုက်ရသည့် ကိုဇော်နိုင်အား KIA၊ PDF အဖွဲ့တိုနှင့် အဆက်အသွယ်ရှိသူဟုဆိုပြီး ၎င်းတို့အတွက် သတင်းယူပေးနေသူ တစ်ဦးဖြစ်သည်ဟု စွပ်စွဲကာ ပြီးခဲ့တဲ့ ဇွန်လတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကြောရေးတွင် ကိုဇော်နိုင်ကို စစ်ဆေးခဲ့ကြပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင် အသတ်ခံလိုက်ရခြင်း ဖြစ်ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကိုမူ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီးနောက် ယူသွားကြသည်ဟု ပြောဆိုကြသည်။

ကသာမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် KIA၊ PDF တို့အကြား ယခုရက်ပိုင်းထဲ တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်လာချိန်တိုင်းတွင် လမ်းတလျှောက်ရှိ ကျေးရွာများထဲဝင်၍ မွှေနှောက်ရှာဖွေ ခြင်း၊ တန်ဖိုးကြီး ပစ္စည်းများကို ယူသွားခြင်းအပြင် အိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ပြည်သူများကိုလည်း မထင်ရင်မထင်သလို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်များ ဆက်တိုက် လုပ်လေ့ ရှိသည်ဟု ၎င်းတို့က ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here