အာဟာရချို့တဲ့မှုကြောင့် “မိုခါ” မုန်တိုင်းသင့်ဒေသရှိ ကလေးငယ်တချို့ ကျန်းမာရေးထိခိုက်နေ

0
394
ပုံစာ - ရခိုင် မုန်တိုင်းသင့်ဒေသရှိ ကလေးငယ်တချို့မှာ အာဟာရချို့တဲ့မှုအကျိုးဆက်ခံစားနေရသည်။

ရခိုင်ပြည်အတွင်း “မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသက ကလေးငယ်တချို့မှာ အာဟာရချို့တဲ့မှု၏ အကျိုးဆက်အဖြစ် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ အစာမဝင်ခြင်း စသည့် ကျန်းမာရေး ထိခိုက်မှုဒဏ် ခံစားနေကြရကြောင်း သိရသည်။

အထူးသဖြင့် မုန်တိုင်းအလွန်ကာလတွင် ရခိုင်စစ်ဘေးရှောင်စခန်းများမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတချို့ ရရှိသော်လည်း လုံလောက်မှုမရှိသဖြင့် ကလေးငယ်များမှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရသည်ဟု စစ်ဘေးရှောင်သူများနှင့် စခန်း တာဝန်ခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်တချို့သည်လည်း မုန်တိုင်းလွန်ကာလ အစာအာဟာရပြည့်ဝစွာ မစားသုံးနိုင်သည့်အတွက် ဝမ်းလျော၊ ဖျားနာ၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပွားနေကြကြောင်း သိရသည်။

“ကလေးတွေက အရင်နဲ့မတူတော့ဘူး။ ပြောင်းလဲသွားတာက သိသာပါတယ်၊ ခုခံအားတွေ ကျဆင်းကြတယ်။ အသားဟင်းနဲ့လည်း မစားရ။ မိဘတွေက ငါးရှာ၊ ဟင်းရှာ သွားရင် အိမ်မှာ ကလေးတွေကို ဖြစ်သလို ထားခဲ့ရတယ်။ ကလေးတွေစားဖို့ ဟင်းချက်ထားခဲ့တယ်။ ကလေးငယ်တွေ စားမဝင်ဘူး။ အစာမစားတော့ ကျန်းမာရေးပိုင်းမှာ ထိခိုက်လာတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ဒေါ်မစောယိုင်က ပြောသည်။

အလားတူ စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင်လည်း ၈ နှစ်အောက် ကလေးငယ် ၅၀ ရာခိုင်နှုန်းခန့်မှာ အာဟာရချို့တဲ့မှုဒဏ် ခံစားနေရကြောင်း စခန်းကော်မဝင် ဒေါ်သိန်းမြက ပြောဆိုသည်။

“မိခင်ပါ၊ ကလေးပါ နှစ်ယောက်စလုံး အစားအသောက် ပြည့်ပြည့်ဝဝ မစားရတော့ အာဟာရချို့တဲ့ကြတယ်။ ခန္ဓာကိုယ်ကြီးထွားမှုမရှိဘဲ ပိန်လိန်နေကြတယ်။ စားစရာကျွေးရင်လည်း မစား၊ ခုခံအားလည်းမရှိတော့ ရောဂါမျိုးစုံ ဖြစ်ကြတယ်” ဟု ဒေါ်သိန်းမြက ဆိုသည်။

နာမကျန်းဖြစ်နေသည့် ကလေးငယ်တချို့မှာ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှု ခံယူနေကြပြီး တချို့မှာ ငွေကြေးအခက်အခဲကြောင့် နီးစပ်ရာဆေးဆိုင်မှ ဆေးဝယ်ယူသုံးစွဲနေရသည်ဟု ဒေါ်သိန်းမြက ဆက်ပြောသည်။

စစ်ဘေးရှောင်စခန်းနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ နဂိုကပင် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားသောက်ရာတွင် အခက်အခဲများ ရင်ဆိုင်နေကြရစဉ် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် စားဝတ်နေရေးမှာ ပိုမိုခက်ခဲ ကျပ်တည်းနေကြောင်း ပြောဆိုကြသည်။

အစာအာဟာရချို့တဲ့မှုဒဏ်ကို ကလေးငယ်များအပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း ခံစားနေကြရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ပြည့်ဝသော အစာအာဟာရကို မမှီဝဲရသဖြင့် ကလေး မွေးဖွားရခက်ခဲခြင်း၊ မွေးဖွားသော ကလေးငယ်မှာလည်း ကိုယ်လက်အင်္ဂါချို့တဲ့ခြင်းများ ရှိနေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်အေးခင်က “ကိုယ်ဝန်ဆောင်ကတည်းက အာဟာရ ပြည့်ဝမှုမရှိတဲ့ မိခင်တွေမှာ မွေးဖွားတဲ့အချိန် အများကြီး ဒုက္ခရောက်ကြတယ်။ ကျမတို့စခန်းမှာဆိုရင် မွေးရာပါ မသန်စွမ်းသူ ၃ ယောက်တောင်ရှိတယ်” ဟု ပြောသည်။

မုန်တိုင်းလွန်ကာလတွင် ကလေးငယ်အများစုမှာ မိဘအုပ်ထိန်းသူများ၏ ဂရုစိုက်ခံရမှု အားနည်းလာခြင်း၊ အခြေခံ လိုအပ်ချက် ဖြည့်ဆည်းပေးရာတွင် လုံလောက်မှုမရှိခြင်း၊ အစားအသောက် ချို့တဲ့ခြင်း၊ ပတ်ဝန်းကျင် လုံခြုံမှု နည်းပါးခြင်း တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြသည်ဟု ကူညီပေးနေသူများက ပြောသည်။

“ကျနော်တို့ နယ်ဘက်တွေကိုသွားတဲ့အခါ အဓိက တွေ့ရတာက မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ အုပ်ထိန်းသူ မိဘတွေဟာ ကလေးတွေကို ပြန်မကြည့်နိုင်ကြဘူး။ ကလေးတွေ ဗိုက်ဆာနေတဲ့အချိန်မှာ ထမင်းချက် မကျွေးနိုင်၊ ကလေးတွေက မိဘတွေအဆင်မပြေတာကို ကြည့်ပြီး သိမ်ငယ်စိတ်တွေ ဖြစ်နေရတယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်မုန်တိုင်းသင့် မြို့နယ် ၈ ခု တွင် အသက် ၅ နှစ်အောက် ကလေးငယ် စုစုပေါင်း ၃၉၈ ဦးမှာ အာဟာရချို့တဲ့မှုဒဏ်ကြောင့် ဆေးကုသမှုခံယူနေရကြောင်း ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်သည့် UNOCHA Myanmar အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

မုန်တိုင်းသင့် ကလေးငယ်များအတွက် အာဟာရဆိုင်ရာ ကုသရေး ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကန့်သတ်မှုများ ဆက်ရှိနေပြီး ခရီးသွားလာခွင့် မရရှိသဖြင့် အခက်အခဲများစွာ ရှိနေသည်ဟုလည်း UNOCHA က ပြောဆိုထားသည်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေတွင် “ကောင်းမွန်သော ပတ်ဝန်းကျင်၊ ပျော်ရွှင်စရာကောင်းသော နေရာ၊ အစာအာဟာရ ပြည့်ဝမှု၊ လွပ်လပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာဖြင့် နေထိုင်ရမည်” ဟု ပါရှိသော်လည်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းနှင့် ဒုက္ခသည်းစခန်းက ကလေးငယ်များမှာ ယင်းအခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here