လောင်းလုံးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒေသခံ PDF ဝင်ရောက်စီးနင်း

0
407
ပုံ- စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းကင်းစခန်းတစ်ခုကို PDF ဝင်ရောက်စီးနင်းခဲ့သည်။ (Photo - LLPDF)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းကင်းစခန်း တစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။

ကျောက်နီမော်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ဆက်ကြေးကောက်နေသော ရဲချောင်း ကင်းစခန်းကို ဇူလိုင် ၁၉ ရက် မနက် ၅ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယင်းစခန်းသို့ ဝင်ရောက်စီးနင်းစဉ် ကင်းစောင့်နေသည့် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့သလို ကင်းစခန်းနှင့် ကပ်လျက်ရှိနေသော ပျူစောထီး နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ စက်လှေမှောက်ပြီး အလုပ်ရှုပ်နေမှုအပေါ် အခွင့်ကောင်းယူပြီး ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းကင်းစခန်း တဝိုက်တွင် အဝေးထိန်း မိုင်း ၅ လုံး ထောင်ခဲ့ကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ထိုစခန်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်အပေါ် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင် ၅ ဦး လာရောက်ကြည့်ရှုချိန် အဝေးထိန်းမိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုမှုအရ သိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) သည် ဇူလိုင် ၂၂ ရက် ညပိုင်းက တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here