ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး အများစုမှာ ဆေးကုမှုခံယူရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။
ကျောက်တော်မြို့နယ်ရှိ မီးရထားဘူတာ၊ ကန်စောက်၊ ဝါးတောင်နှင့် တောင်မင်းကုလားစစ်ဘေးရှောင် စခန်းများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မီးရထားဘူတာစခန်းမှ စစ်ဘေးရှောင်တစ်ဦးက “ အခု ကလေးတွေ တအားဖျားတယ်။ ဒီမှာ ကုလို့ရရင် ကုကြတယ်။ မရရင်တော့ ဆေးရုံကြီးမှာ ပြကြရတယ်။ မတတ်နိုင်တဲ့လူတွေမှာလည်း ချေးငှားပြီးတော့ ကုနေရတယ်။ အများစုက ဆေးကုဖို့ မတတ်နိုင်ကြဘူး” ဟု ပြောသည်။
ယင်းအပြင် ဘူးသီးတောင်မြို့နယ်မှ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင်လည်း တုပ်ကွေးဖြစ်သည့် ကလေးငယ်များကို ဆေးကုသပေးရန် အကူအညီ လိုအပ်နေသည်ဟု စခန်းခေါင်းဆောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျန်းမာရေး စောင့်ရှောက်မှုကလည်း ဒီမှာ အမြဲတမ်း မရှိဘူး။ ဒီဘက်မှာ WFP က ပေးတဲ့ ငွေကလည်း ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် သုံးဖို့က လုံလောက်တဲ့ အနေအထားမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်စခန်းများတွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေမှုအား မည်ကဲ့သို့ စီမံဆောင်ရွက် ပေးနေသည့်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေ အသီးသီးမှ ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။
လက်ရှိတွင်လည်း မိုးရာသီကာလ ဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး ရောဂါအပြင် ရာသီတုတ်ကွေး စသည့် တခြားဖျားနာ ရောဂါများလည်း ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ရခိုင်ပြည်နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသည့် အရေအတွက်အား သိရှိနိုင်ရန်အတွက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေး ဦးစီးဌာနမှုး ဒေါက်တာကြည်လွင်အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ကောက်ယူထားသည့် အချက်အလက်များအရ ရခိုင်တွင် ဇူလိုင်လအတွင်း အသက် ၁၅ နှစ်အောက် ကလေးငယ် ၅ ဦး အထိ သေဆုံးမှု ရှိနေသည်။
ရခိုင်တွင် ယခုနှစ် မိုးဦးကာလမှ ဇူလိုင် ၁ ရက် အထိ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်သူ ၄၂၆ ယောက် ဆေးရုံရောက်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သိကြားစေချင်ငွေသဇင်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှ မေလ ၂၀ ရက် အထိ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၁၇ ဦး ရှိပြီး သေဆုံးသူ ၇ ဦး ရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းကိုက်တတ်သည့် ခြင်ကျားမှ တဆင့် ကူးစက်တတ်ခြင်းဖြစ်၍ ပြည်သူများ အနေဖြင့် ခြင်များပေါက်ပွားခြင်း မရှိစေရန်နှင့် ခြင်မကိုက် ခံရအောင် ဂရုစိုက်နေသင့်သည်ဟုလည်း ကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုထားသည်။
နိရဉ္စရာ ပေးပို့သည်။