ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့သည့် နေရာအနီး စစ်ကောင်စီတပ်က အင်အားရာနှင့်ချီ ဖြည့်တင်းထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။
AA နှင့် ARSA အဖွဲ့တို့သည် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းတို့တွင် ဘူးသီးတောင် မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ဖြစ်ပွားအပြီး ဇူလိုင် ၂၁ ရက်မှ စတင်ကာ စစ်ကောင်စီ၏ ကမ်းထိုးရေယာဉ်တစ်စီးသည် စစ်တွေမှ တဆင့် ဘူးသီးတောင် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
ယင်းနေ့ မွန်းတည့်ပိုင်းတွင် ကမ်းထိုးရေယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်သား အင်အား ၁ဝဝ ကျော် အပါအဝင် ရိက္ခာနှင့် လက်နက် အပြည့်အစုံ တင်ဆောင်လာသည့် စစ်ကား ၄ စီးသည် ဘူးသီးတောင် ဆိပ်ကမ်းမှ တဆင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီး တဝိုက်ဖြစ်သည့် သပိတ်တောင်၊ ကင်းချောင်း၊ စိမ့်ညှင်းပြား၊ နပျိုးချောင်း၊ ဖရုံချောင်း စသည့် ရွာများသို့ အင်အားဖြည့်တင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခုကတော့ ထူးခြားမှု မရှိသေးဘူး။ အဲလို အခြေအနေကတော့ တင်းမာနေကြတယ်ပေါ့။ AA ၊ ARSA နဲ့ စစ်တပ် တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေတဲ့အဆင့်ပဲ ရှိတယ်” ဟု ပြောသည်။
ယင်းသို့ ၃ ပွင့်ဆိုင် အခြေအနေ တင်းမာနေသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်မည်ကိုလည်း အထူးစိုးရိမ် နေကြသည်ဟုလည်း ဒေသခံများက ပြောသည်။
ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “ဒါကတော့ အရမ်းကြီးကြီးကျယ်ကျယ် ဖြစ်မယ်လို့တော့ မမြင်ဘူး။ နောက်ပြီး ARSA ဆိုတာကလည်း လူမျိုးတွေကို ကိုယ်စားပြုတာလည်း မဟုတ်ဘူး။ သူတို့အုပ်စု တစ်အုပ်စုကိုပဲ ဖြစ်တယ်။ အများနဲ့ ဆက်စပ်တာလည်း မဟုတ်ဘူး။ ဒါကြောင့် ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်လို့ မမြင်ဘူး” ဟု သုံးသပ်ပြောသည်။
မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန် ကြိုးစားသည်ကို ဒေသခံများက အနီးရှိ စစ်ကောင်စီ တပ်စခန်းများသို့ တိုင်ကြားကြသော်လည်း တစ်ခုမျှ ဆောင်ရွက်ပေးခြင်း မရှိ၍ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA)ထံ တိုင်ကြားရာမှ ULA/AA က သွားရောက် နယ်မြေရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
ယင်းနေ့က တိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦး ထက်မနည်း ကျဆုံးပြီး တစ်ဦး အရှင်ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ကြားသိရကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သတ်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဇူလိုင် ၂၁ ရက်နေ့က ဆက်သွယ်မေးမြန်း ထားသော်လည်း ယခုအချိန်ထိ တစုံတရာပြန်လည် ပြောဆိုခြင်း မရှိသေးပါ။
ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များအတွင်း စိမ့်ဝင်လှုပ်ရှားနေသည့် အဖွဲ့တစ်ခု ဖြစ်သည်။
၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းတချို့ကို ARSA က ဝင်ရောက် တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများ ရှိခဲ့ပြီး မြန်မာစစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခဲ့ရသည်။
ယင်းနောက်ပိုင်း ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ် တို့တွင်လည်း ARSA သည် မောင်တောမြို့နယ်ရှိ နေရာတချို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့သေးသည်။
နိရဉ္စရာ ပေးပို့သည်။