စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို အဓိက ဆက်သွယ်ထားသော လမ်းမကြီးအားလုံး ဖြတ်တောက်ခံထားရလို့ အခြေခံကုန်စည်များ ပြတ်သလောက်ဖြစ်နေပြီဟု ဗန်းမောက်မြိုခံများက ပြောသည်။
ဗန်းမောက်မြို့ အရှေ့ဘက် အင်းတော်နှင့် ဗန်းမောက် ကားလမ်းမကြီးပေါ်ရှိ တုံစီတံတား မိုင်းခွဲဖြတ်တောက် ထားခံရပြီး ကျွဲကောကြီး ကျေးရွာနားတွင်လည်း ကတ္တရာလမ်းမကြီးအား ဘက်ဟိုးဖြင့် ကုတ်ဖြတ်ထားကြောင်း မြိုခံများ၏ ပြောဆိုမှုအရ သိရသည်။
လမ်းဖြတ်တောက်ခံရမှု အခြေအနေနှင့် ပတ်သတ်ပြီး ဗန်းမောက်မြို့မှ ဆရာတော်တစ်ပါးက Ò ညတုန်း (ဇူလိုင် ၅ ရက်) က ဘက်ဟိုးသံတွေ ကြားရတယ် ။ မနက်မှ ပေကုန်းနဲ့ နားယောကြားက လမ်းကို ဘက်ဟိုးနဲ့ ကုတ်ဖြတ် လိုက်တာလို့ သိရတယ်။ နားယောနဲ့ ညောင်ကိုင်းကြားမှာလည်း ဖြတ်ထားတယ်Ó ဟု ဇူလိုင်လ ၆ ရက်နေ့တွင် မိန့်ကြားသည်။
အလားတူ ဗန်းမောက်မြောက်ပိုင်း နောင်မဲလုံကျေးရွာ အနီးတွင်လည်း တူးဖြတ်ထားသကဲ့သို့ တောင်ပိုင်းသို့ သွားသည့် လမ်းပိုင်းဖြစ်သည့် မြစ်သေးချင်းကျေးရွာ အလွန်နားတွင်လည်း လမ်းမကြီးအား ဘက်ဟိုးဖြင့် တူးဖြတ်ထားသည်ဟု မြို့ခံများက ပြောသည်။
ဗန်းမောက်မြို့သို့ အဓိက ကုန်စည်စည်းဆင်းရာ အဓိက လမ်းမကြီးများအားလုံး ယင်းသို့ ဖြတ်တောက် ခံထားရသဖြင့် ဗန်းမောက်မြို့တွင် အခြေခံကုန်စည်များ ပြတ်လပ်သည့် အခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း ဗန်းမောက်မြို့ပေါ် ဒေသခံပြည်သူတစ်ဦးက အခုလို ပြောဆိုသည်။
“ဗန်းမောက်ကို ကုန်စည်တွေ ဝင်မရအောင် ပိတ်ပြီးမှ တောင်ပိုင်း သူတို့ထိန်းချုပ်ထားတဲ့ နားမော်မှာ စျေးဖွင့်မယ်။ မြို့သစ်ပါ တည်မယ်လို့ ပြောနေကြတယ်။ လောလောဆယ်တော့ ဗန်းမောက်မြို့မှာ ကုန်စည်ပြတ်သလောက် ဖြစ်နေပြီ ။ လက်ကျန်လေးတွေပဲ ရောင်းနေကြတာ” ၎င်း၏ အမြင်ကို ပြောသည်။
ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့နယ်ချင်းဆက် အဓိကလမ်းမကြီးများကို PDF အဖွဲ့များက ထိန်းချုပ်ထားကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ လမ်းပိုင်းများအား ဖြတ်တောက်ထားသည်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူအများစုက ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။