ဗန်းမောက်မြို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး PDF ခေါ်ဆောင်သွားရာမှ သေဆုံးသွားဟုဆို

0
283
ပုံစာ - ဗန်းမောက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ဝမ်းလျောလို့သေဆုံးသွားပြီဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

“မနက် ၁ နာရီမှာ ဝမ်းလျောလို့ သေသွားပြီလို့ ပြောခဲ့တယ်။ အလောင်းလည်း မတွေ့ခဲ့ရဘူး။ အဲ့ဒါ အခုလာမယ့် လဆုတ် ၄ ရက်နေ့ကို ရက်လည်ဆွမ်းသွပ်ဖို့ လုပ်နေတယ်” ဟု ကျေးရွာရပ်မိ/ရပ်ဖတစ်ဦးက ပြောဆိုသည်။

PDF အဖွဲ့က ခေါ်ဆောင်သွားသည်ဆိုသည့် လေးသီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ နောင်မဲလုံရွာသား ဦးထွန်းဝယ် (ခ) ဦးအိုက်ရှို ဆိုသူဖြစ်ပြီး ၎င်းကို PDF ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံ လူ ၁၅ ယောက်က ခြေလျင်လာရောက် ခေါ်ဆောင်သွားပြီး လေးသီရွာအနီးတွင် ကားဖြင့်တင်ဆောင် သွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဦးထွန်းဝယ်ကို ခေါ်ဆောင်သွားသည်ဆိုသည့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

“တပ်တွေနဲ့ ဆက်သွယ်တာတို့ ဘာတို့ကြောင့်တော့ မဟုတ်လောက်ဘူး။ သူက အဲ့ဒီလို ဆက်သွယ်တာတော့ မရှိဘူး။ ကျောင်းဖွင့်ဖို့ ကြိုးစားနေတာတော့ ရှိတယ်” ဟု ဦးထွန်းဝယ်၏မိတ်ဆွေက သုံးသပ်ပြောဆိုသည်။

ဗန်းမောက်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ကျောင်းဆရာဆရာမများနှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သင်္ကာမကင်းခံရသူများအား နွေဦးတော်လှန်ရေး စတင်သည့်အချိန်မှ ယနေ့အထိ ၅၀ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ မိသားစုနှင့် ပြန်လည်ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် ဗန်းမောက်မြို့နယ် မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းကို PDF အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ဘက် ဒေသတချို့ နှင့် မြို့ဧရိယာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here