CDM ဆရာဝန်များပါဝင်သည့် ဝိဇ္ဇာဆေးအဖွဲ့ အရေးပေါ်ပြောင်းရွေ့ရန် အကူအညီလိုနေဟုဆို

0
376
ပုံစာ - ဒဏ်ရာရတော်လှန်ရေးရဲဘော်တစ်ဦးကို ကုသမှုပေးနေသည့်ဝိဇ္ဇာဆေးအဖွဲ့။

စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများကို ဆေးကုသပေးနေသည့် ကရင်နီပြည်နယ် အခြေစိုက် ဝိဇ္ဇာဆေးအဖွဲ့သည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြောင်းရွှေ့ရန် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ကြုံလာရသည့်အတွက် ပြောင်းရွှေ့ရေး ပြင်ဆင်ရခြင်းဖြစ်ပြီး ပြောင်းရွေ့စရိတ် ကျပ်သိန်း ၅၀ ခန့် ကုန်ကျနိုင်မည်ဟုလည်း ဝိဇ္ဇာဆေးအဖွဲ့က တာဝန်ခံတစ်ဦးက ပြောသည်။

“အဓိကတော့ ကျနော်တို့ လုံခြုံတဲ့နေရာပေါ့နော်။ တောင်ကြားလေးပဲ ဖြစ်ဖြစ်ပေါ့နော်။ လူနဲ့ခပ်လှမ်းလှမ်း နေရာလေးမှာ အခြေစိုက်ဆောက်မယ်။ ဆောက်ပြီးသွားရင် ဗုံးခိုကျင်းလေး ဆောက်မယ်။ အဲဒီအတွက် ခန့်မှန်း ကုန်ကျစရိတ်ပေါ့နော်။ သိန်း ၅၀ အထက် အဲလောက်ကုန်ကျမယ်လို့တော့ တွက်ထားတယ်” ဟု ဝိဇ္ဇာဆေးအဖွဲ့ တာဝန်ခံက ပြောသည်။

ဝိဇ္ဇာဆေးအဖွဲ့သည် ပြီးခဲ့သည့်မေလ တောင်စလုံးတိုက်ပွဲ ဖြစ်ပွားခဲ့သည့် အချိန်ကတည်းက ပထမအကြိမ် စခန်းပြောင်းရွှေ့ ခဲ့ရဖူးပြီး ယခု ဇူလိုင်လထဲတွင်လည်း အခြေစိုက်ကျေးရွာ၏ လုံခြုံရေးအတွက် ဒုတိယအကြိမ် ပြောင်းရွှေ့ရန် စီစဉ်နေရခြင်း ဖြစ်သည်ဟု မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Karenni Support Team (KNST) တာဝန်ရှိသူတစ်ဦးက အခုလို ပြောသည်။

“သူတို့ကဒီဟာ ဘယ်လိုပြောမလဲ ရွာက လက်မခံတော့ဘူးပေါ့နော်။ အရင်တုန်းက ရွာမှာရှိတဲ့ ဆေးခန်းတစ်ခုမှာ သူတို့နေတာ၊ ဒါပေမယ့် ရွာက လက်မခံတော့တဲ့အတွက် သူတို့ တခြားနေရာ ပြောင်းရတာ။ ဒီရွာက နည်းနည်းလည်း ကြောက်ကြတယ်ပေါ့နော်။ ဒီအဖွဲ့တွေရှိရင် ဒီလိုဖြစ်မယ်ဆိုတဲ့ အယူအဆ ပုံစံမျိုးလေးတွေကြောင့် မို့လို့ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ဝိဇ္ဇာဆေးအဖွဲ့သည် ဇူလိုင်လလယ်ကတည်းက လေကြောင်းတိုက်ခိုက်မှုများကို ကြုံနေရသော်လည်း ရှောင်ရှားနိုင်မည့်နေရာသို့ ငွေကြေး အဆင်မပြေသေးသည့်အတွက် ပြောင်းရွှေ့ရန် ခက်ခဲနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“အဓိကတော့ လေကြောင်းပေါ့နော်။ လေယာဉ်ပေါ်ကနေ ပစ်တာတို့က ကျနော်တို့ ရှောင်ရှားရုံပဲပေါ့နော်။ ခဏခဏ အစုအဖွဲ့လည်း ပစ်ခံနေရတယ်ဆိုတော့ ကျနော်တို့ရှောင်တဲ့ နေရာလေးပေါ့။ နေရမယ့်နေရာ တစုတဝေးတည်း လုပ်ထားချင်လို့ပါ၊ ဗုံးခိုကျဉ်းလေးတွေပေါ့နော်” ဟု အဆိုပါ အဖွဲ့တာဝန်ခံက ပြောဆိုသည်။

ဝိဇ္ဇာဆေးအဖွဲ့တွင် လုပ်သက် ၁၀ နှစ် ရှိသည့် CDM ခွဲစိတ်ဆရာဝန် တစ်ဦး၊ CDM သူနာပြု တစ်ဦး၊ နောက်ဆုံးနှစ် ပြီးထားသူ သူနာပြုဆရာမ ၂ ဦး၊ CDM ပြုလုပ်ထားသည့် ဆေးကျောင်းသား တစ်ဦး၊ သူနာပြုကျောင်းသား တစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး စုစုပေါင်း ၇ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝိဇ္ဇာဆေးအဖွဲ့သည် ကရင်နီပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို လှည့်လည်ဆေးကုသပေးနေသည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here