မူဆယ်တွင် ဒုစရိုက်မှုများ ပေါများလာလို့ မြို့ခံများ စိုးရိမ်နေ

0
360
ပုံစာ - မူဆယ်ဒေသခံတစ်ဦး နေအိမ်အတွင်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့သည်။ (Photo - နှလုံးလှပရဟိတ)

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် လုံခြုံမှု မရှိတော့ဘဲ စိုးရိမ်ကြောက်လန့်နေရသည်ဟု မူဆယ်ဒေသခံများက ပြောသည်။။

မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်ဂိတ်မြို့ ဖြစ်ပြီး လောင်းကစားဝိုင်းများ ပေါများခြင်း၊ မူးယစ်းဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိသည့်အတွက် ယခုကဲ့သို့ ဒုစရိုက်မှုများ ပေါများလာခြင်းဖြစ်သည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်က မူဆယ်မှာ နေထိုင်ရတာ အချိန်ပြည့် ကြောက်ရွံ့ပြီး စိုးရိမ်နေရတယ်။ လုံးဝ မလုံခြုံပါဘူး။ ကိုယ့်အိမ်မှာ ဘယ်အချိန် ဓားပြ လာတိုက်မလဲ။ ဘယ်အချိန် ပစ္စည်းတွေ ခိုးခံရမလဲ အမြဲတမ်းတွေးမိနေပါတယ်။ လောင်းကစားဝိုင်းတွေလည်း ကြိုက်သလိုဖွင့်တယ်။ မူးယစ်ဆေးဝါးလည်း ကြိုက်တဲ့နေရာ ဝယ်ယူလို့ရတယ်။ စစ်တပ်ဘက်လည်း ဘာမှ အရေးယူမှုတွေ မရှိသလို တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဘာမှ လုပ်ဆောင် ပေးတာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က မူဆယ်မြို့ထွယ်ပန်းခြံအကျော် တောင်ကုန်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့သည်။

ထိုအမျိုးသမီး၏ဘေးတွင် သံပိုက် ရှိနေသည့်အတွက် သံပိုက်နှင့် အရိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု သေဆုံးသူအလောင်းကို သွားသယ်သည့် မူဆယ်မြို့ခံ ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲက ကျနော်တို့ဆီ ဖုန်းဆက်လာတော့ ကျနော်တို့ သွားရောက်ကူညီခဲ့တယ်။ ရဲဆီကတော့ ကောင်မလေး အမေက ဖုန်းဆက်အကြောင်းကြားတာ။ သေဆုံးတဲ့ကောင်မလေးက ဘယ်သူ ရိုက်သွားတာလဲဆိုတာ ဘယ်သူမှ မျက်မြင်သက်သေ မတွေ့ဘူး။ အဲအိမ်မှာလည်း သူ့တို့လင်မယားပဲနေတာ၊ သူ့အမျိုးသားက ခရီးထွက်တယ်လို့ ပြောတယ်။ အလောင်းကို သူ့အမေက သွားတွေ့တာ” ဟု ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ မူဆယ်မြို့ခံအမျိုးသမီးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေပြီး မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက သတ်သွားသည်ကို အတိအကျ မသိရသေးဟု မူဆယ်မြို့က ပရဟိတ အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် သေဆုံးသူအမျိုးသမီး ပိုင်ဆိုင်သည့် လက်ဝတ်ရတနာများနှင့် တန်းဖိုးရှိပစ္စည်းများလည်း တစုံတခုမှ ပျောက်ဆုံးသွားခြင်းမရှိကြောင်း သက်ဆိုင်ရာမှ ပြောဆိုမှုအရ သိရသည်ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ဒုစရိုက်မှုများ ပေါများလာသည့်အတွက် ငွေရေးကြေးရေးအဆင်ပြေသည့် မူဆယ်မြို့ခံတချို့သည် မူဆယ်မြို့တွင် မနေတော့ဘဲ အခြားမြို့များသို့ ပြောင်းရွေ့နေထိုင်လာကြသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ကချင်တပ်မတော် (KIA) တို့ သွားလာ လှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here