ဆီဆိုင်မြို့ ဒေသခံများ PNLO ထံ အခွန်ဆောင်ရမှုကြောင့် အကြွေးတင်နေဟုဆို

0
313
ပုံစာ - PNLO ထံ အခွန်ဆောင်ရသဖြင့် ဆီဆိုင်ဒေသခံတချို့ ငွေအကြွေးတင်နေသည်ဟု ပြောသည်။

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံများသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ထံ အခွန်ပေးဆောင်ရန် ငွေကြေးခက်ခဲလို့ ချေးငှားအခွန်ဆောင်ခဲ့ရသဖြင့် အကြွေးတင်နေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းဒေသရှိ ကျေးရွာများမှ ဒေသခံများထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က ထော်လာဂျီရှိသည့် နေအိမ်ကို တစ်စီးလျှင် တစ်သိန်းကျပ် နှင့် ကားရှိသည့် နေအိမ်ကို တစ်စီးလျှင် နှစ်သိန်းကျပ် ကောက်ခံခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

“ကားတစ်စီးကို ၂ သိန်း လုံးဝ မလျော့ဘူး။ ထော်လာဂျီကို တစ်သိန်းကျပ် မလျော့ဘူး။ ထော်လာဂျီ တစ်စီးကို ငါးသောင်း ဖြတ်ပြီးပေးတာ လက်မခံဘူး။ ပေးဖို့ ပိုက်ဆံလည်း မရှိတော့ ရှိတဲ့သူနား ချေးပြီး ပေးရတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ အခွန်ဆောင်ဖို့ရန် ပိုက်ဆံချေးပြီး ပေးခဲ့ရသောကြောင့် လက်ရှိမှာ ချေးယူသူထံ ၁ ပြားကို ၁ ကျပ်နှုန်းဖြင့် အကြွေး အပါအဝင် အတိုးပါ ပေးဆောင်နေရကြောင်း အဆိုပါဒေသခံ၏ ပြောဆိုမှုအရ သိရသည်။

ယင်းကဲ့သို့ ဒေသခံများထံ အခွန်ကောက်ယူမှုနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဉက္ကာကို ဆက်သွယ်ခဲ့ရာ PNLO သည် မောက်မယ်မြို့နယ် အတွင်းသာ လှုပ်ရှားမှုရှိကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က ဖြေကြားထားသည်။

အလားတူ ဇူလိုင်လ ပထမအပတ်အတွင်း ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်း ဒေသရှိ ကျေးရွာဒေသခံများထံ ပအိုဝ်းပြည်သူ့စစ် (PNO) ကလည်း သေနတ်ဝယ်ဖို့ရန် တစ်အိမ်ကို ၃ သောင်းကျပ်မှ ၅ သောင်း ကျပ်အထိ ကောက်ခံခဲ့ဖူးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here