
သျှမ်းပြည်၊ ပင်လောင်းမြို့တောင်ဘက် အထွက်နားရှိ စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေးခဲ့သည့် တပ်သားတစ်ဦး ပြန်လည်ဖမ်းမိပြီး သေဆုံးသည်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်တွင် ကိုကြွက်နီ (အပေါင်းအသင်းများမှ ခေါ်သည့်နာမည်) အပါအဝင် တပ်သား ၅ ဦး ထက် မနည်း စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေးခဲ့ရာ ကိုကြွက်နီမှာ ပြန်လည် ဖမ်းဆီးခံရပြီး သေဆုံးသည်အထိ ရိုက်နှက်ခံခဲ့ရသည်ဟု အတူထွက်ပြေးလွတ်မြောက်သည့် တပ်သားတစ်ဦးက အခုလို ပြောသည်။
“ထွက်ပြေးခဲ့တုန်းကတော့ ကျနော်တို့ အတူတူ ထွက်ပြေးခဲ့ကြတာပါ။ ဒါပေမဲ့ ကိုကြွက်နီက လူစုနဲ့ ကွဲပြီး လမ်းမှား သွားတာ။ သူ့ကို ပြန်ဖမ်းမိသွားတယ်၊ သူ့ကို ရိုက်နှက် စစ်ဆေးကြတာပေါ့ဗျာ၊ သူဆုံးသွားပြီ” ဟု ကိုကြွက်နီနှင့် အတူတူ ထွက်ပြေးလာပြီးနောက် လွတ်မြောက်လာသည့် အဆိုပါတပ်သားက ပြောဆိုသည်။
အဆိုပါ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းအတွင်းတွင် သင်တန်းသား ၂၀၀ နီးပါး ရှိနေပြီး အများစုက အဓမ္မ စစ်သားစုဆောင်း ခံရသူများ ဖြစ်ကြောင်းလည်း သိရှိရသည်။
ကိုကြွက်နီ သေဆုံးမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က မိသားစုဝင်များကို နှလုံးသွေးကြောကျဉ်းမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အကြောင်းကြားခဲ့ကြောင်းလည်း အဆိုပါတပ်သား၏ ပြန်ပြောပြချက်အရ သိရသည်။
လက်ရှိတွင် သေဆုံးသည့် ကိုကြွက်နီ၏ ရုပ်အလောင်းကို ကလောမြို့ရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင် ထားပြီး မိသားစုဝင်များကလည်း တွေ့ခွင့်တောင်းထားကြောင်း သိရသည်။
“သူ့မိသားစုဝင်တွေကို နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သေသွားတယ်လို့ အကြောင်းကြားလိုက်တယ်။ ခုလည်း ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံက ရင်ခွဲရုံကို ပို့ထားနေတယ်ဆိုလို့ မိသားစုဝင်တွေက တွေ့ခွင့်၊ အလောင်းပြန်ရခွင့် တောင်းနေတယ်။ ရ၊ မရတော့ မသိဘူး” ဟု အဆိုပါတပ်သားက ပြောဆိုသည်။
သေဆုံးသူ ကိုကြွက်နီသည် အသက် ၂၀ ဝန်းကျင် အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး အမှတ် (၄) စစ်ကောင်စီ လေ့ကျင့်ရေး တပ်စခန်းအတွင်း ရောက်လာသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်ကြောင်းလည်း တပ်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။