တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ချီတက်ရာ လမ်းတလျှောက်ရှိ ဒေသခံ ၁၀ ဦး ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
တပ်အင်အား ၁၂၀ ကျော် ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၁၅ ရက်နေ့ နံနက်အစောပိုင်းက ကဒက်အိုင် ကျေးရွာအနီး ဖြတ်သွားစဉ် ဥယျာဉ်ခြံများထဲ၌ နေထိုင်သည့် ဒေသခံရွာသားများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများရဲ့ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားသူတွေထဲတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးသည် ဥယျာဉ်ခြံ အလုပ်သမားများဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး သွားပြီးနောက် ဧကနိနှင့် ခမောက်ချောင်း ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ရွာစဉ်လှည့်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဧကနိ၊ ခမောင်ချောင်းနှင့် ကဒက်အိုင် ကျေးရွာများက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပေမယ့် ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဖက်အကြား စစ်ရေးပိုမိုတင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ဇူလိုင်လ ၁၁ ရက်နေ့က နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက်သည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။