မြိတ်တွင် ထိုင်းရွှေနှင့် စားသောက်ကုန်များ ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် ဒေသခံများစိုးရိမ်နေ

0
229
ပုံစာ - မြိတ်တွင် ထိုင်းရွှေနှင့် စားသောက်ကုန်များ ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသည်။ (Photo-Social Media)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းမှာ ထိုင်းရွှေနှင့် စားသောက်ကုန်များကို စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ တို့က ပူးပေါင်းဖမ်းဆီးမယ်ဆိုသည့် သတင်းများထွက်ပေါ်နေတာကြောင့် ဒေသခံလုပ်ငန်းရှင်များကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း လာမည့် ဇူလိုင် ၁၇ ရက်နေ့ ကနေ ၁၉ ရက်နေ့ အတွင်း နေပြည်တော် စစ်ဆေးရေး အဖွဲ့များ က ထိုင်းရွှေနှင့် ကုန်ပစ္စည်းများကို ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်မည်ဆိုသည့် သတင်းများထွက်ပေါ်ခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် လုပ်ငန်းရှင်များက ပြောသည်။

မြိတ်မြို့သည် တနင်္သာရီတိုင်း၏ စီးပွားရေးမြို့ဖြစ်ပြီး ဒေသအတွင်း ထိုင်းကုန်ပစ္စည်းများကို အများဆုံး အသုံးပြု နေတာဖြစ်ပြီး ဒေသထွက် ရေထွက်ကုန်များကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမှုများ ပြုလုပ်နေသည့်မြို့ ဖြစ်သည်။

အခွန်မဆောင်ထားသည့် ကုန်ပစ္စည်းများအပြင် တရားမဝင် ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးမည် ဆိုခြင်းကြောင့် စိုးရိမ်နေရခြင်း ဖြစ်သည်ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

မြိတ်မြို့နယ်အတွင်း ရွှေဆိုင်တချို့တွင် ထိုင်းရွှေေ ရောင်းချမှု ယာယီပိတ်ထားသလို ထိုင်းကုန်ပစ္စည်း ဝယ်ယူ ရောင်းချနေသော ကုန်သည်တချို့လည်း ကုန်ပစ္စည်းမှာယူ တင်သွင်းမှုများကို ရပ်နားထားမှု ရှိလာကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအဖွဲ့သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ထိုင်းကုန်ပစ္စည်းများကို တရားမဝင်ဘူး ဆိုသည့် အကြောင်းပြချက်နှင့် ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိနေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here