ဘားအံ – သထုံ ကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

0
348
ပုံစာ - မိုင်းဖောက်ခွဲဖျက်ဆီးခံရသည့် ဘားအံ - သထုံ ကားလမ်းပေါ်ရှိတံတားတစ်စင်း။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး၊ ဝါး‌ဘိုးတောနှင့် ဘုရင့်ညီဂူကြား ဘားအံ-သထုံ ကားလမ်းပေါ်ရှိ တံတားတစ်စင်း ဇူလိုင်လ ၁၀ ရက်နေ့ နံနက်အစောပိုင်း က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။

ဝါး‌ဘိုးတောနှင့် ဘုရင့်ညီဂူကြား ဘားအံ-သထုံ ကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) သည် ယင်းနေ့နံနက် ၁ နာရီခန့်က မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအောက်ခြေနှင့် တံတားလက်ရမ်းများ ပျက်စီးသွားခဲ့သည့်အပြင် တံတားကြမ်းခင်းတွင်လည်း အက်ကွဲကြောင်းများဖြစ်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုင်းဖောက်ခွဲခံထားရမှုကြောင့် တံတားပြိုကျနိုင်သည့် အနေအထားရှိလို့ နံနက်အစောပိုင်းက ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သော်လည်း နံနက် ၉ နာရီခွဲခန့်မှ စ၍ ကားအကြီး၊ အသေးများ၊ ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တံတားကို တာဝန်ရှိသူတွေလာ စစ်ဆေးပြီးတဲ့အချိန်မှာ ဖြတ်သန်းခွင့် ပြုခဲ့တာလို့ သိရတယ်။ ပျက်ဆီးထိခိုက်မှု နည်းတဲ့ဘက်ခြမ်းကနေ ကားကြီးတွေကတော့ တစ်စီးပြီးမှတစ်စီး ဖြတ်သန်းခွင့်ပြုထားတယ်” ဟု ယင်းဒေသခံ က ဆက်ပြောသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေး လမ်ကြောင်းပေါ်တွင် တည်ရှိနေသည့် ပေ ၆၀ ခန့် ရှိ တံတားတစ်စင်းဖြစ်ပြီး ဘားအံ-သထုံ ကားလမ်းပိုင်းတွင် အရှည်ဆုံး တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက် ကလည်း ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီလမ်းအတွက် အရေးပါသည့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် ကြားရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here