အာဏာသိမ်းစစ်တပ်၏ ‘၄၉၂၆ စစ်ဆင်ရေး’ တစ်လပြည့်သော်လည်း အောင်မြင်မှုမရဘဲ အရပ်သားများသာ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခံရလာ

By MPM 7 အောက်တိုဘာ, 2026 👁 95

အာဏာသိမ်းစစ်တပ်က အာရက္ခပြည်အတွင်း ဆင်နွှဲနေသော “၄၉၂၆ စစ်ဆင်ရေး” မှာ တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ထိုးစစ်ဆင်မှုအားလုံးမှာ အောင်မြင်မှုမရရှိဘဲ ကျရှုံးနေသဖြင့် လေကြောင်းကနေ ရခိုင်အရပ်သားများကို ပစ်မှတ်ထားပြီး အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

စစ်တပ်သည် အဆိုပါစစ်ဆင်ရေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် ညသန်းခေါင်ယံအချိန်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် တစ်လပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်းသို့ စစ်တွေမြို့နယ်ဘက်မှတစ်ဆင့် လမ်းကြောင်း အနည်းဆုံး ၅ ခုခွဲကာ စစ်သည်အင်အား ထောင်ချီဖြင့် ထိုးစစ်ဆင်ခဲ့သည်။

စစ်ဆင်ရေးတွင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အပြည့်အဝအသုံးပြုခဲ့ပြီး အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတားကိုဖြတ်ကျော်ကာ ကွန်းတောင်ရွာကိုသာမက စစ်တွေမြို့နယ်အတွင်းက ဝါဘို၊တောကန်ကနေ ထိုးစစ်ဆင်ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်ထဲက စပါးထားအပါအဝင် ရဲရိုးပြင်၊ ခမောင်းတောတို့ကို ရွှေမင်းဂံမှနေ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် ပြောခွင့်ရသူဦးခိုင်သုခက ၎င်းအကြမ်းဖက်စစ်တပ်၏ ထိုးစစ်မှာ အမြင့်ကျွန်း မင်းချောင်းကနေ ရွှေမင်းဂံချောင်း၀အထိ ချောင်းရိုးတစ်လျှောက် အနည်းဆုံး နေရာ ၇ ခုလောက်မှ အာရက္ခတပ်တော်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်ခဲ့သည်ဟု ပြောဆိုထားသည်။

သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံတွန်းလှန်မှုကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ တပ်လှန်ကာ နောက်ဆုတ်သွားခဲ့ရသည်ဟုဆိုသည်။

ထိုသို့ စစ်ရေးအရ အရှုံးပြင်းထန်ပြီး ထိုးစစ်ဆင်မှုများ မအောင်မြင်သည့်အတွက် စစ်ကောင်စီသည် ဒေသခံ ရခိုင်ပြည်သူများကို လေကြောင်းမှတစ်ဆင့် ဖိအားပေး ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြော​ကြားသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြတ်ထွန်းက “မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ၄၉၂၆ စစ်ဆင်ရေးနဲ့ ရခိုင်မှာ ထိုးစစ်ဆင်ပေမယ့် မအောင်မြင်ပါဘူး။ အကျအဆုံးနဲ့ အထိအခိုက် အလွန်များပြားနေတဲ့အတွက် ရှက်ရမ်းရမ်းပြီး ရခိုင်အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒီလိုရခိုင်ပြည်သူတွေကို သတ်ဖြတ်နေတာကို လုံးဝ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ပြောကြားသည်။

အာဏာသိမ်းစစ်တပ်သည် ‘၄၉၂၆ စစ်ဆင်ရေး’ အမည်ဖြင့် အာရက္ခပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်အပြင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း စသည့် နေရာအနည်းဆုံး ၇ နေရာမှတစ်ဆင့် အာရက္ခတပ်တော် (AA) ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

သို့သော်လည်း တစ်လကြာသည်အထိ လုံးဝအောင်မြင်မှုမရရှိဘဲ စစ်ကောင်စီဘက်မှ အကျအဆုံး အလွန်များပြားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သားအများအပြားကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၎င်တို့၏အခြေအနေများကို AA စက်တင်ဘာ ၂၀ ရက်နေ့က ဓာတ်ပုံ၊ အင်တာဗျူးလုပ်ပြီး ပြသပြီး သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း အနည်းဆုံး ၃ ဦး၏ ဖွင့်ဟပြောဆိုချက်အရ စစ်တပ်အတွင်း၌ မူးယစ်ဆေးဝါးများ သုံးစွဲခိုင်းပြီး စစ်တိုက်ခိုင်းနေသော်လည်း အကျအဆုံးများကာ လုံးဝ အောင်မြင်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးများ အောင်မြင်မှုမရသည့်အပြင် အာရက္ခတပ်တော် (AA) က စစ်တွေမြို့ကို တန်ပြန်ထိုးစစ်ဆင်နွှဲနေသောကြောင့် လက်ရှိတွင် တိုက်ပွဲများ အထူးပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်၏ ကာကင်းစခန်းအချို့မှာလည်း အာရက္ခတပ်တော် (AA) ၏လက်အောက်သို့ ကျရောက်သွားခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအများအပြားတွင် ဖော်ပြကြသည်။

တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ အကျအဆုံးများပြားလာသည့် အာဏာသိမ်းစစ်တပ်သည် ရခိုင်အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ရခိုင်ပြည်သူများ နေ့စဉ် သေဆုံးဒဏ်ရာရနေကြရသည်။

စက်တင်ဘာ ၂၈ ရက်နေ့ကလည်းကျောက်တော်မြို့မှ လူစည်ကားရာ အိန္ဒိယဈေးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးသေဆုံးကာ ၅၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာ ၄ ရက်နေ့ တိုက်ခိုက်မှုအတွင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ‘ဗျာလ’ စစ်ဘေးရှောင်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

အခြားမြို့နယ်များဖြစ်ကြသည့် ရသေ့တောင်၊ ဝီရဌာနီ၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်များကိုလည်း လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လျက်ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုအနေဖြင့်အာရက္ခပြည်ကို သိမ်းပိုက်ရန် နည်းလမ်းမျိုးစုံဖြင့် အင်အားသုံးထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ဘဲဖြစ်ခဲ့ရပြီးနောက် ရခိုင်ပြည်သူလူထုကိုသာ ပစ်မှတ်ထားသတ်ဖြတ်နေခြင်းကြောင့် နောင်တွင်လည်း အောင်မြင်ရန်မဖြစ်နိုင်တော့ကြောင်းနှင့် စစ်ရှုံးမည့်အခြေအနေသို့ ပိုမိုဆိုက်ရောက်နေကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

နိရဉ္စရာ