ရှမ်းမြောက်ဒေသ တရုတ်-မြန်မာနယ်စပ်အနီး မူဆယ်မြို့နယ်အတွင်း စက်ရုံကြီးတခု တည်ဆောက်ရေးရန်အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တရုတ်လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းတွင် TNLA နှင့် တရုတ်နိုင်ငံလုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး စက်ရုံတည်ဆောက်နိုင်မည့်နေရာကိုလည်း ကွင်းဆင်းလေ့လာခဲ့ကြောင်း နမ့်ခမ်းမြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စက်ရုံတည်ဆောက်ရန် လေ့လာခဲ့သည့်နေရာသည် မူဆယ်မြို့နယ် နမ့်စန်ကျေးရွာအုပ်စု မန်ပန်ရွာအနီးတွင်ရှိပြီး မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု ၎င်းက ပြောသည်။
“စက်ရုံဆောက်ဖို့ လာကြည့်တာလို့ သိရတယ်။ ဘယ်ကုမ္ပဏီလဲဆိုတာတော့ မသိရသေးဘူး။ တရုတ်ဘက်နဲ့ နီးတဲ့အတွက် စက်ရုံလည်ပတ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေကို တရုတ်ဘက်ကနေ သယ်လာနိုင်တယ်လို့လည်း ပြောကြတယ်” ဟု ၎င်းကပြောသည်။
သို့သော် စီမံကိန်းတွင် ပါဝင်သည့် တရုတ်ကုမ္ပဏီ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ အမည်၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းနှင့် တည်ဆောက်ရေးစတင်မည့်အချိန်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
TNLA ဘက်ကလည်း မူဆယ်အနီး မြေရှားသတ္တုသန့်စင်စက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။
မူဆယ်အနီး စက်ရုံတည်ဆောက်ရေးဆွေးနွေးမှု သတင်းထွက်ပေါ် ပေါက်လာချိန်သည် TNLA ထိန်းချုပ် နယ်မြေများ အတွင်း မြေရှားသတ္တုတူးဖော်ရေးနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ပေါ်ပေါက်လာနေသည့်ကာလနှင့် တိုက်ဆိုင်နေသည်။
“သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ သတ္တုသန့်စင်စက်ရုံ အကြီးတစ်ခုက စခန်းသစ်ဘက်မှာ ရှိတယ်။ အဲဒီမှာတော့ နေ့တိုင်း၊ ညတိုင်း လည်ပတ်နေတယ်” ဟု နမ့်ခမ်းမြို့ခံ ဒေသခံတစ်ဦးကလည်း ဆက်ပြောသည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
အမေရိကန်အခြေစိုက် Stimson Center ၏ ဇူလိုင် ၂၀၂၆ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်၍ TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက် အနည်းဆုံး ၁၂ ခု ပေါ်ထွက်လာခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မြေရှားသတ္တုတူးဖော်ရာတွင် တွေ့ရလေ့ရှိသည့် သတ္တုရည် စုဆောင်းကန်များကို လည်း TNLA ထိန်းချုပ်နယ်မြေတွင် တွေ့ရှိခဲ့ကြောင်း Stimson Center က ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ တရုတ်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ဆက်စပ်သည့်လုပ်ငန်းများက နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးနေဖွယ်ရှိကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။
Ta’ang Environmental Watch Group (TEWG) ၏ ဩဂုတ် ၁၀ ရက် အစီရင်ခံစာအရ နမ့်ခမ်းမြို့နယ် မန်စပ်၊ မန်ပူးနှင့် မန်ပန်ကျေးရွာများရှိ လက်ဖက်ခြံများတွင် မြေရှားသတ္တုရှာဖွေရေးအတွက် စမ်းသပ်တူးဖော်ထားသည့် ကျင်း ၇၀ ကျော်ကို တွေ့ရှိခဲ့သည်။
ထိုကျင်းများအနက် မန်စပ်တွင် ၁၆ ကျင်း၊ မန်ပူးတွင် ၂၀ ကျင်းနှင့် မန်ပန်တွင် ၄၀ ကျော်ရှိပြီး အချို့ကျင်းများသည် ပေ ၃၀ အထိနက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျင်းများကို တူးဖော်ပြီးနောက် ပြန်လည်ဖုံးအုပ်ထားခြင်းမရှိသဖြင့် လူနှင့် တိရစ္ဆာန်များအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့များက သတိပေးထားသည်။
မြေရှားသတ္တုလုပ်ငန်းများ တိုးလာနေသည့်အချိန်တွင် TNLA သည် နမ့်ခမ်းမြို့နယ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သည့် လမ်း၊ တံတားနှင့် နယ်စပ်စစ်ဆေးရေးအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်