တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်း၏ကုမ္ပဏီအား စစ်အုပ်စုက အမည်ပျက်စာရင်းသွင်း

By MPM 7 အောက်တိုဘာ, 2026 👁 91

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) ဥက္ကဋ္ဌ ဦးအိုင်ထွန်း (ခေါ်) လျင်ဝန်မုန်၏ ဖူရှင်းဘရားသားစ် (Fu Xing Brothers) ကုမ္ပဏီလိမိတက်ကို အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း စစ်အုပ်စုလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီအား အမည်ပျက်စာရင်း (Blacklist) ရေးသွင်းရန် စစ်အုပ်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြောင်းကြားလာသဖြင့် အမည်ပျက်စာရင်းတွင် ထည့်သွင်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း DICA က ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် အမည်ပျက်စာရင်းသွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသေးစိတ်မပါရှိပေ။

DICA ၏ ထုတ်ပြန်ချက်တွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် အခြားဥပဒေ၊ နည်းဥပဒေများအား လိုက်နာခြင်းမရှိကြောင်း တွေ့ရှိရပါက DICA ၏ ဝက်ဘ်ဆိုက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီးဖြစ်သည်ဟုသာ ဖော်ပြထားသည်။

သို့သော် ပုဂ္ဂလိကကုမ္ပဏီများအတွက် သွင်းကုန်လိုင်စင်များကို လုပ်ပိုင်ခွင့်ကိုကျော်ကာ လျှောက်ထားပေးမှုနှင့် ဆက်နွှယ်သည့် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ အကြီးတန်းအရာရှိသုံးဦး ဖမ်းဆီးစစ်ဆေးခံနေရပြီး ယင်းမှာ ဦးပိုင်နှင့် နှစ်ပေါင်းများစွာ စီးပွားရေးဆက်ဆံမှုရှိခဲ့သည့် Fu Xing Brothers Group of Companies က တရုတ်နိုင်ငံထုတ် ဟင်းချိုမှုန့်များ မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းမှုနှင့် ဆက်နွှယ်နေကြောင်း Myanmar Now သတင်းဌာနက ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့တွင် သတင်းဖော်ပြခဲ့ဖူးသည်။

ဦးအိုင်ထွန်း ဦးဆောင်သည့် Fu Xing Brothers ကုမ္ပဏီအုပ်စုသည် ဆေးလိပ်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများတင်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြောင်း သိရသည်။

ဦးအိုင်ထွန်း၏ဇနီး ဒေါ်နန်းခင်ညွန့်သည်လည်း ကုမ္ပဏီ၏ ဒါရိုက်တာတဦးဖြစ်ပြီး အခြားကုမ္ပဏီဒါရိုက်တာများမှာ ဦးအိုက်ဆန်၊ ဦးအောင်ကျော်ဦး၊ ဒေါ်ခင်သန်းသန်း၊ ဒေါ်နန်းဇင်မာဝင်း၊ ဦးဆန်းမြင့်နှင့် ဒေါ်နန်းရွှေဟန်တို့ ဖြစ်ကြောင်း DICA ၏ အချက်အလက်များအရ သိရသည်။

စစ်အုပ်စု၏ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းသည့် ယခင်ထုတ်ပြန်ချက်အချို့တွင် ကုမ္ပဏီနှင့်အတူ ဒါရိုက်တာများကိုပါ အမည်ပျက်စာရင်းသွင်းကြောင်း ပူးတွဲဖော်ပြမှုများရှိသော်လည်း ယခု ထုတ်ပြန်ချက်တွင် ဒါရိုက်တာများကိုပါ အမည်ပျက်စာရင်းသွင်းခြင်း ရှိ၊ မရှိ မပါရှိပေ။

ဦးအိုင်ထွန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) သည် အာဏာသိမ်းကာလအတွင်း စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်နေပြီး MCCOC ၏ နှစ်ပတ်လည်အခမ်းအနားကို စစ်အုပ်စု ထိပ်ပိုင်းအရာရှိအချို့ တက်ရောက်ခြင်းလည်း ရှိခဲ့သည်။

မဇ္ဈိမ