အာဏာသိမ်းစစ်တပ်က အာရက္ခပြည်အနှံ့ မရပ်မနားလေကြောင်းတိုက်ခိုက်နေဟု AA ထုတ်ပြန်

By Staff 2 အောက်တိုဘာ, 2026 👁 93

အာရက္ခပြည်အနှံ့ရှိ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို အာဏာသိမ်းစစ်တပ်က မရပ်မနား လေကြောင်းတိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော် (AA) က အောက်တိုဘာလ ၁ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

“အာရက္ခပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၅၀) ဦး သေဆုံးပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီးသည့်နောက်ပိုင်းတွင်လည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲမြို့တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ (၃၀) ရက်နှင့် အောက်တိုဘာလ (၁) ရက်နေ့တို့တွင်လည်း အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား မရပ်မနား ရက်ဆက် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

ထိုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ ထပ်မံသေဆုံး ဒဏ်ရာရမှုများရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ ထပ်မံပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားမည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက်နေ့၊ တစ်ရက်တည်းတွင် ကျောက်တော်၊ ကျောက်ဖြူနှင့် သံတွဲစသည့်မြို့နယ်များကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိရဉ္စရာ