အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှု ဂျီနီဗာကွန်ဗန်းရှင်းကို ကျူးလွန်ဖောက်ဖျက်ခြင်းဟုဆို

By Staff 30 စက်တင်ဘာ, 2026 👁 90

အာရက္ခပြည်၊ ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအပေါ် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗန်းရှင်းကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း ထိုအဖွဲ့က စက်တင်ဘာလ ၂၉ ရက်တွင် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

ကျောက်တော်မြို့ရှိ ဈေးရောင်း၊ ဈေးဝယ်သူများဖြင့် စည်ကားနေသည့် အိန္ဒိယဈေးအနီးနှင့် ကစ္ဆပနဒီတံတားအနီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲ (၁၂) နာရီကျော်တွင် လေကြောင်း မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄၉) ဦးသေဆုံးပြီး (၅၈) ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကြမ်းဖက်စစ်ကော်မရှင်သည် တိုက်ပွဲအတွင်း လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်မှုတွင် အရပ်သားပြည်သူများ သေဆုံးကြရခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ပြီး ဂျီနီဗာကွန်ဗန်းရှင်းကို ကျူးလွန် ဖောက်ဖျက်နေပါသည်” ဟုလည်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချလိုက်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက “အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူအပေါ် ရက်ရက်စက်စက်သတ်ဖြတ်တာကို အများပြည်သူသိအောင်လို့ ထုတ်ပြန်ရတာဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တယ်။ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တယ်။ ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ်။ ဒါကို ပြည်သူတွေသိအောင်လို့ တင်ပြရတာဖြစ်တယ်” ဟု နိရဉ္စရာကို ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် ၂၀၁၈/၂၀၁၉ ခုနစ်မှစပြီး နှစ်ဖက်တိုက်ပွဲများဖြစ်လာကြရာ ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ပထမအစ တပ်ရင်း၊ တပ်မများမှ လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ သေဆုံးခဲ့ကြပြီး ယခုအခါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိလာသည့်အတွက် အရပ်သားပြည်သူများ သေကြေပျက်စီးနေကြရခြင်းဖြစ်သည်ဟု ဆိုထားသည်။

ကျောက်တော်မြို့အိန္ဒိယဈေးအနီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လယ်စာရင်းအရ သေဆုံးသူ ၅ဝ ဦးနှင့် ဒဏ်ရာရသူ ၆ဝ ဦးခန့်ရှိသွားပြီဟု AA က ထုတ်ပြန်ထားသည်။

နိရဉ္စရာ