အမေရိကန်နှင့် ဆက်ဆံလိုကြောင်း မင်းအောင်လှိုင် လေသံပစ်လာ

By MPM 24 စက်တင်ဘာ, 2026 👁 266

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုကြောင်း ၂၀၂၆ သမ္မတ မင်းအောင်လှိုင်က TIME မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောသည်။

အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်နိုင်ကြောင်း မင်းအောင်လှိုင်က TIME ၏ အကြီးတန်းအယ်ဒီတာ ချာလီကမ်ဘဲလ်နှင့် နေပြည်တော်ရှိ သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် တနာရီခန့် ကြာသော အင်တာဗျူးတွင် ပြောလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာရန် ကြိုးပမ်းနေပြီး ထို လုပ်ငန်းစဉ်တွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမို အကျိုးရှိနိုင်မည်ဟု မင်းအောင်လှိုင်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံမီဒီယာတခုနှင့် ပထမဆုံး ပြုလုပ်သည့် ယင်း အင်တာဗျူးတွင် ဆိုသည်။

ထို့အပြင် အမေရိကန်က မြန်မာနိုင်ငံနှင့် မြန်မာစစ်တပ်ခေါင်းဆောင်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပြန်လည် သုံးသပ်ပေးရန်လည်း မင်းအောင်လှိုင်က တောင်းဆိုခဲ့သည်။

၎င်း၏ ပြောကြားချက်အရ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် အစိုးရအဖွဲ့ဝင်များ သို့မဟုတ် စစ်ဘက်ခေါင်းဆောင်များအပေါ်တွင်သာ သက်ရောက်မှု ရှိခြင်းမဟုတ်ဘဲ မြန်မာပြည်သူများအပေါ်ပါ သက်ရောက်မှုများ ရှိနေသည်ဟု ဆိုသည်။

သို့သော် အမေရိကန်အစိုးရ၏ မှတ်တမ်းများအရ မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုနှင့်ဆက်စပ်ကာ ဒဏ်ခတ်ပိတ်ဆို့များ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အရွယ်ရောက် သားသမီးနှစ်ဦးကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။

အဆိုပါ အရေးယူမှုများသည် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများအပေါ် တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် ရည်ရွယ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်နှင့် မြန်မာအကြား ဆက်ဆံရေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အမေရိကန်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ် ပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ရေးနှင့် ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။

အဆိုပါ နိုင်ငံရေးအခြေအနေများကြောင့် အမေရိကန်နှင့် မြန်မာစစ်ဘက်အာဏာပိုင်များအကြား အဆင့်မြင့် ဆက်ဆံရေးမှာ နှစ်အတော်ကြာ ကျဆင်းနေခဲ့သော်လည်း ၂၀၂၆ ခုနှစ်အတွင်းတွင် မြန်မာဘက်က အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တိုးတက်စေရန် ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည်။

မြန်မာနိုင်ငံသို့ ရှားရှားပါးပါး အမေရိကန် တာဝန်ရှိသူများ လာရောက်မှုအဖြစ် ဇွန်လကတည်းက မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားတဦး လွတ်မြောက်ရေးအတွက် နေပြည်တော်တွင် မြန်မာ စစ်အုပ်စု အုပ်ချုပ်ရေးအာဏာပိုင်များနှင့် စက်တင်ဘာလအတွင်းက လာရောက်တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နှင့် မြန်မာစစ်ဘက်အာဏာပိုင်များအကြား ထင်ရှားသည့် ဆက်သွယ်မှုများထဲမှ တခုဖြစ်ကြောင်း CNN သတင်းက ဖော်ပြခဲ့သည်။

ယခု TIME နှင့် အင်တာဗျူးတွင် မင်းအောင်လှိုင်က အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုကြောင်း ထုတ်ဖော်ပြောဆိုခြင်းသည် မြန်မာဘက်က နိုင်ငံတကာဆက်ဆံရေး ပြန်လည်တိုးချဲ့ရန် ကြိုးပမ်းနေသည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

ဧပြီလအတွင်း ၂၀၂၆ သမ္မတအဖြစ် နေရာရယူပြီးနောက် မင်းအောင်လှိုင်သည် နိုင်ငံခြားရေးဆက်ဆံရေးကို ပိုမိုတက်ကြွစွာ လုပ်ဆောင်လာခဲ့ကာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများသို့ သွားရောက်ခဲ့သည်။

အမေရိကန်နှင့် ဆက်ဆံရေးသာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံနှင့်ပတ်သက်၍လည်း မင်းအောင်လှိုင်က ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် အမေရိကန် သို့မဟုတ် ဥရောပနိုင်ငံများ၏ ဒီမိုကရေစီပုံစံနှင့် တပုံစံတည်းဖြစ်ရန်မလိုအပ်ဘဲ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားမည်ဟု ဆိုသည်။

“ဒီမိုကရေစီပုံစံက အမျိုးမျိုးရှိပါတယ်၊ မြန်မာနိုင်ငံအတွက် ကိုက်ညီတဲ့ပုံစံကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မင်းအောင်လှိုင်တို့ စစ်အုပ်စု အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း နယ်မြေဧရိယာ၏ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိနေပြီး နိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနေပြီး ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ၊ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်မှုများက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။

ယင်းအခြေအနေများကြားတွင် မင်းအောင်လှိုင်က အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရေးကို တောင်းဆိုလာခြင်းလည်း ဖြစ်သည်။

အမေရိကန်ဘက်တွင်မူ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ လူ့အခွင့်အရေးအခြေအနေများနှင့် ဆက်စပ်နေပြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်ဘက်ခေါင်းဆောင်များကို ၂၀၂၁ ခုနှစ်၌ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူခဲ့ပြီး ဒီမိုကရေစီစနစ်နှင့် ဥပဒေစိုးမိုးရေး ပြန်လည် တည်ဆောက်ရေးကို တောင်းဆိုခဲ့သည်။

မဇ္စျိမ