သံတွဲကို စစ်တပ်က လေကြောင်းအပြင် ရေကြောင်းကနေ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်နေ

By MPM 9 စက်တင်ဘာ, 2026 👁 47

ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဗုံးကြဲနေသည့်အပြင် ရေကြောင်းကနေပါ ပစ်ခတ်လာသဖြင့် ဒေသခံများမှာ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်နေကြသည်။

ယမန်နေ့ စက်တင်ဘာ ၇ ရက်က ပင်လယ်ပြင်ရှိ စစ်သင်္ဘောများက သံတွဲကမ်းခြေတကြော သွားလာလှုပ်ရှားကာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပင်လယ်ထဲမှာလည်း ငါးဖမ်းဖို့ ဆင်းရင် စက်လှေတွေကို အနှောက်အယှက်ပေးတယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ နောက်ပြီး လေကြောင်းတိုက်ခိုက်မှုကလည်း လူနေရပ်ကွက် တွေကို ဗုံးကြဲတယ်။ မနေ့ကလည်း ဗုံးကြဲသွားတယ်။ လူတွေကလည်း ထိတ်လန့်နေကြတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း သံတွဲမြို့အပါအဝင် ကျောက်ကြီးနှင့် ငပလီကမ်းခြေတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့်နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် သံတွဲမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများကြောင့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာ ၅ ရွာခန့်က ဒေသခံများမှာ အသက်အန္တရာယ်စိုးရိမ်၍ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“တချို့ကလည်း ထိတ်လန့်ပြီးတော့ အခြားနေရာတွေကိုရှောင်ကြတာပေါ့။ ရွာသားတွေက အကုန်လုံး စစ်ဘေးရှောင်ကြတာတော့ မဟုတ်ဘူး။ တချို့အိမ်တွေ ရှောင်ကြတယ်။ ကမ်းခြေက လေးငါးရွာလောက်တော့ ရှောင်ကြတယ်။ အရင်တုန်းက လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျောက်ကြီးဘက်ကရွာတွေလည်း ရှောင်ကြတယ်” ဟု နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ သံတွဲမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာကြသူများမှာ အရေးပေါ်အကူအညီများ လိုအပ်နေပြီး လတ်တလောတွင် ULA က စားနပ်ရိက္ခာအထောက်အပံ့များပေးထားကြောင်း သိရသည်။

တဖက်တွင်လည်း ဒေသအတွင်းဆက်လက်နေထိုင်နေကြသော သံတွဲဒေသခံများမှာ စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်းအန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ရေးအဆင်မပြေ၍ စားဝတ်နေရေးအကျပ်အတည်းရှိနေကြသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်တောင်ပိုင်းမြို့နယ်များကို ပြန်လည်ထိန်းချုပ်လို၍ ကြည်း၊ ရေ၊ လေ အသုံးဖြင့်ကာ ထိုးစစ်ဆင်များလုပ်လာနေခြင်းဟု စစ်ရေးအကဲခတ်တို့က သုံးသပ်ကြသည်။

CDM ဗိုလ်ကြီးဇင်ယော်က “အဓိက ဂွဘက်၊ ရခိုင်တောင်ပိုင်းကို ဖြည်းဖြည်းချင်း တစ်မြို့ပြီး တစ်မြို့ ပြန်ပြီးတော့ လိုချင်တဲ့အနေအထားမျိုးပဲ။ ဒါကြောင့် အာရက္ခတပ်ကိုလည်း စစ်မျက်နှာ များလာအောင် စစ်တွေဘက်ကနေ fake attack (အတုအယာင် တိုက်ခိုက်မှု) ပုံစံမျိုးနဲ့ ရရင်လည်း ယူသွားမယ်။ ရသေ့တောင် နယ်ဘက်ကို တပြိုက်နက်တည်း တိုက်စစ်ဆင်လာတာ။ နှစ်ဘက်က တစ်ဘက် ဘယ်ဟာရမလဲပေါ့။ ရတဲ့နေရာကို ခြေကုတ်ယူဖို့အတွက် အပြင်းအထန် ကြိုးစားလာတဲ့ အနေအထားမျိုးပဲ” ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် AA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး ကျောက်ဖြူမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲများရှိနေသည်။

တဆက်တည်းမှာ အာဏာသိမ်းစစ်တပ်သည် ရေကြောင်း၊ လေကြောင်းတို့ဖြင့် ရခိုင်တောင်ပိုင်း မြို့နယ်များကို ထိုးဖောက်နိုင်ရေး ကြိုးပမ်းလာနေခြင်းဖြစ်သည်။

စစ်တပ်၏ ရခိုင်ဒေသအတွင်း ထိုးစစ်များနှင့်အတူ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လျက်ရှိသည်။

DMG