လွိုင်ကော် အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ နောင်ပြူးရွာနှင့် ဒေါတရိုးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ၅ ဦးသေဆုံး

By MPM 7 စက်တင်ဘာ, 2026 👁 130

စစ်အုပ်စုက ကရင်နီပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကရင်နီပြည်နယ်အရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်ကလည်း ရှားတောမြို့နယ်၊ နောင်ပြူးကျေးရွာနှင့် ဒေါတရိုးကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံ ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံက ဆိုသည်။

“ခု လွိုင်ကော် အရှေ့ခြမ်း၊ စစ်ရှောင်စခန်းကို ဒရုန်းလိုက်ချနေတယ်။ ခုနော်၊ အထိအခိုက်မရှိဘူး” ဟု ဒေသခံက ပြောသည်။

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၀ ဝန်းကျင်ရှိပြီး နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “မနေ့က လွိုင်ကော် အရှေ့ဘက် စာသင်ကျောင်းနားကြဲတယ်၊ ဒီရက် နှစ်နေရာကြဲချတယ်။ စာသင်ကျောင်းဘေးပဲ ကြဲချတာ ကလေးတွေ ထိခိုက်ကုန်တယ်” ဟုလည်း ဒေသခံက လူမှုကွန်ရက်တွင် မျှဝေထားသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးပြုလုပ်နေ၍ ဒေသခံများ သတိပြုကြရန်လည်း ၎င်းကတိုက်တွန်းထားသည်။ စက်တင်ဘာလ ၄ ရက်ကလည်း လွိုင်ကော်မြို့နယ်၊အရှေ့ခြမ်းရှိ ကျေးရွာသုံးခုကို စစ်အုပ်စုတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၁ ရက်တွင်လည်း ဖားဆောင်မြို့နယ်၊ မော်ချီးဒေသကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအစိုးရ (IEC) တာဝန်ရှိသူက အတည်ပြုထားသည်။

မဇ္ဈိမ