စစ်ကောင်စီနှင့် နယ်မြေခံ တော်လှန်ရေးပူးပေါင်းအင်အားစုများအကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် သွားရောက်ပျံသန်းနေသေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ထပ်မံ ဗုံးကြဲခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
ကြားအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်၊ ခြေလျင်တပ်ရင်း (ခလရ- ၃၂) စခန်းအနီးနှင့်မြို့တွင်း စစ်ကောင်စီ တပ်များ အခြေစိုက်ရာနေရာများတွင် ယမန်နေ့ ညပိုင်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် ယနေ့ နံနက်ပိုင်းတွင် အဆက်မပြတ် ပျံသန်းမှုများ လုပ်ဆောင်နေသောကြောင့် မြို့ခံများအနေဖြင့် လေကြောင်း ထပ်မံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း မြို့ခံလူထုတစ်ဦးက ယခုလိုပြောသည်။
၎င်းက “လေယာဉ်ကတော့၊ တိုက်ပွဲဖြစ်တဲ့နေ့ တိုင်းလာတယ်။ ညအချိန်လည်းလာတာဘဲ။ အခြေအနေကတော့ မတည်ငြိမ်ဘူးပေါ့။ ပြီးခဲ့တဲ့ ရက်ကလည်း လေယာဉ်နဲ့ဗုံးလာကြဲတယ်လေး။ သူတို့က ရမ်းသမ်း ပစ်ချတာဆိုတော့ ကြောက်မိတာပေါ့။ ပြီးတော့ မနေ့ညကလည်း လက်နက်ကြီး အသံတွေတညလုံး ကြားနေ ရတယ်။ ပြေးရင်လည်း ဘယ်ကိုပြေးလို့ပြေးရမလည်း မသိဘူး။ လေယာဉ်လာပြီးဆို ပုန်းနေရတယ်။ နေစရာနေရာ မရှိအောင်ဘဲ” ဟု ကေအိုင်စီသို့ပြောသည်၊၊
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်နေသည့် မြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲချမှုကြောင့် မြို့အနီးရှိ ရာဘာခြံထဲမှ အလုပ်သမား (၂) ဦး လက်နက်ကြီးကျည်အစထိမှန်ပြီး အသီးသီး ဒဏ်ရာရရှိခဲ့သေးသည်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် နေ့စဉ် လာရောက်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွာနေသော်လည်း စစ်ဘေးတိမ်းရှောင်စရာနေရာ မရှိသည့်အတွက် နေအိမ်အတွင်းသာ နေထိုင်ပုန်းအောင်းနေကြခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် လက်ရှိ တိုက်ပွဲကာလ ကြာမြင့်လာလျှင် စားနှပ်ရိက္ခာအခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်းနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်ပေါင်းစုများရှိနိုင်သည့် နေရာများနှင့် ကျေးရွာများဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေသေးကြောင်းလည်း နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။
၎င်းက “တချို့တွေကတော့ တခြားနေရာတွေ စစ်ဘေးရှောင်စခန်းတွေမှာ သွားကြတာဘဲ။ တချို့ကကြတော့ ရှောင်စရာနေရာမရှိဘူးလေး။ မြို့ထဲမှာဘဲ ကြိတ်မှိတ်ပြီးနေကြတာပေါ့။ တိုက်ပွဲကရက်ရှည်မယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ပြီးတော့ စစ်တပ်ကမြို့ရဲ့အပြင်မှာ ရှိတယ်လေး။ ရဲဘော်တွေက တောကနေပြီးတော့ စစ်တပ်ကိုလာပစ်တာ။ မြို့ကိုပစ်တာမဟုတ်ဘူး။ အဲ့တာကြောင့် စစ်တပ်က လက်နက်ကြီးတွေနဲ့ ရဲဘော်တွေရှိနိုင်မဲ့ ကျေးရွာတွေ တောစပ်တွေဘက်ကို ရမ်းပြီးလိုက်ပစ်တာပေါ့။ အဲ့တာနဲ့ဘဲ ကျေးရွာသူ ရွာသားတွေက စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ဇန်နဝါရီ ၁ ရက်နေ့က စတင်ဖြစ်ပွားသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲနှင့် တောင်စွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီ၏ အခြေစိုက် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀၀ နီးပါး သေဆုံးသွားကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ လေကြောင်းဖြင့် နေ့စဉ်လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သား ၁ဝ ဦးခန့် ကျည်ထိမှန်ဒဏ်ရာရပြီး သံပုရာ၊ တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုံခံ၊ ကျောက်ဘီလူး၊ ကိုရောင်၊ ဆင်ပြေးရွာနှင့် စသည့်ကျေးရွာများမှ ဒေသခံ ၄,ဝဝဝ ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် အဆိုပါစစ်ရှောင်အရပ်သားပြည်သူများသည် အစာရေစာနှင့် ကျန်းမာရေးဆေးဝါးများ အရေးပေါ်လိုအပ်နေလျက်ရှိသည်ဟုလည်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
KIC – ပေးပို့သည်။