ရေနံတွင်း ၈၅၀ ကျော်ကို ဖျက်ဆီးခဲ့သည့် စစ်အုပ်စုစစ်ကြောင်း မကွေးတွင် တပ်စွဲထားဆဲ

By Staff 2 အောက်တိုဘာ, 2026 👁 54

မကွေးတိုင်းရှိ ၊မြိုင်နှင့် ပေါက် အစပ်၊ လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးရှိ ရေနံတွင်း ၈၆၆ တွင်းကို ဖျက်ဆီးခဲ့သည့် စစ်အုပ်စုစစ်ကြောင်းသည် တဲကြီးကျေးရွာတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ထိုစစ်အုပ်စု စစ်ကြောင်းသို့ Y12 လေယာဥ်ဖြင့် ရိက္ခာများ လာရောက်ချပေးခြင်းရှိပြီး စစ်ကြောင်းထိုးမှု မရှိသေးကြောင်း ဒေသခံကဆိုသည်။

“တဲကြီးရွာထဲမှာပဲ။ လက်ရှိကတော့ အခြေအနေက တော်တော်လေးငြိမ်နေတယ်။ ဘာလို့လဲတော့ မပြောတတ်ဘူး သူတို့ တားဂတ်ပြည့်သွားလို့ပဲလားတော့ မသိဘူး။ ပြီးခဲ့တဲ့ သုံးရက်လောက်ကတော့ 35 နဲ့ လာပစ်သွားတယ်။ နောက်နေ့ကျတော့ Y-8 နဲ့ ရိက္ခာလာချသွားတယ်” ဟု အဆိုပါ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ထိုစစ်အုပ်စု စစ်ကြောင်းသည် ရေနံတွင်း ၁၃၁ ခုနှင့် ပခုက္ကူမြို့နယ် ရေနံချပ်ရွာအတွင်းရှိ ရေနံတွင်း ၇၃၅ ခု စုစုပေါင်း ၈၆၆ တွင်းကို ဖျက်ဆီးခဲ့ကြောင်း စစ်အုပ်စုက စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင်ရေနံချက်လုပ်ငန်းသုံးပစ္စည်းများကို ဖျက်ဆီး၊ သိမ်းဆည်းကာ ရေနံတွင်းများရှိ ယာယီအဆောက်အအုံ ၇၇၅ ကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်အုပ်စုတပ်က အဆိုပါ ရေနံတွင်းများသည် PDF များက လုပ်ဆောင်နေသည့် လုပ်ငန်းများဖြစ်ကာ ထိုရေနံတွင်းများမှရရှိသည့်ဝင်ငွေများဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည်ဟု စစ်အုပ်စုတပ်က စွပ်စွဲထားသည်။

မြိုင်ဒေသတွင်း သတင်းရင်းမြစ်တရပ်ကမူ ယခုကဲ့သို့ ရေနံတွင်းများ ဖျက်ဆီးခံရခြင်းကြောင့် ရေနံလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၊ ဒေသခံများ၊ စျေးရောင်းစျေးဝယ်များက ပို၍ထိခိုက်မှုများကြောင်း ဆိုသည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ရာနှင့်ချီပါဝင်သည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် ပြီးခဲ့သည့် မေလအစောပိုင်းကစ၍ မြိုင်-ပေါက်အစပ်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာ ရေနံမှော်ဒေသများသို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်အုပ်စုတပ် စစ်ကြောင်းအတွက် လေကြောင်းမှတဆင့် ထောက်ပို့ရေးလုပ်ငန်းများအား ရက်ခြားလုပ်ဆောင်ပေးနေခြင်းရှိကြောင်းလည်း သိရသည်။

ထို စစ်ကြောင်းထိုးကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ရွာများအတွင်းဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် အရပ်သားသေဆုံးမှုဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့ပြင် စစ်အုပ်စုတပ်က အရပ်သားနေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများ၊ စားနပ်ရိက္ခာများယူဆောင်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ရေနံတွင်းများအား ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ရေနံမှော်လုပ်ငန်းများ ရပ်တန့်ထားရသလို ကျေးရွာပေါင်း ၂၀ ထက်မနည်းမှ ဒေသခံများလည်း တိမ်းရှောင်နေရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလလယ်ပိုင်းကစ၍ ပခုက္ကူမြို့နယ်အတွင်းရှိ ရေနံမှော်ဒေသများအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က လက်ရှိအထိ ရေနံချပ်ရွာအနီးတဝိုက်၌ ဆက်လက် တပ်စွဲထား၍ အနီးအနား ကျေးရွာများမှ ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

စစ်ကြောင်းထိုးကာလများအတွင်း စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကြောင်းထိုးရာလမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံနေအိမ်များ ပျက်စီးခြင်းရှိသော်လည်း အရေအတွက် အတိအကျအား မသိရသေးကြောင်း သတင်းရင်းမြစ်ကဆိုသည်။

မဇ္ဈိမ