ရေဘေးသင့်နေသည့် ထားဝယ်ခရိုင်ကို စစ်အုပ်စုတပ် ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲနေ

By Staff 2 အောက်တိုဘာ, 2026 👁 59

ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားနေသည့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့အား စစ်အုပ်စုတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့၍ ကူညီကယ်ဆယ်ရေးများ ပြန်လှည့်သွားကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၁ ရက်တို့တွင် စစ်အုပ်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁ ရက်၊ ညနေ ၃ နာရီကျော်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ဂုံညှင်းဆိပ်၊ လဘနှင့် ဆင်ကျန်းကျောက်ပြင် စသည့်ကျေးရွာများအတွင်းသို့ K8W ဖြင့် လေကြောင်းမှ ပေါင် ၂၅၀ ဗုံးများ ကြဲချတိုက်ခိုက်ကာ စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။

“လဘရွာ တလုံး၊ ဆင်ကျန်း ကျောက်ပြင်မှာ တလုံး၂၅၀ ပေါင် ဗုံကြဲခံရ။ ထိခိုက်မှုတော့ မရှိသေးဘူးလိုကြားရ။ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေလည်း လေယာဉ်ပျံဗုံးကြဲလို့ ကယ်ဆယ်ရေး ပြန်ဆုတ်သွားပြီရှင့်” ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်ခံရသည့် ဒေသများသည် ရေကြီးနစ်မြုပ်မှုဒဏ်များအား ခံစားနေရသည့် ဘုတ်တောင်ဒေသအနီးတွင် တည်ရှိသည်။ ထို့ကြောင့် တိုက်ခိုက်ခံရသည့် ဒေသများအနီးရှိ ရေဘေးသင့်ကျေးရွာများသို့ လာသည့် ကယ်ဆယ်ရေးလုပ်အားပေးများ ပြန်လှည့်သွားခြင်းဖြစ်သည်။

“ရေက အဲ့ဘက်ထိ မကြီးပါဘူးရှင့်။ ဒါပေမဲ့ အဲ့ရွာတွေဘက်မရောက်ခင် ရွာတွေအထိကြီးပါတယ်။ အဲ့ရွာတွေမရောက်ခင် ဘုတ်တောင်ဆိုတာရှိပါတယ်။ အဲ့ဘုတ်တောင်တွေအထဲက ရွာတွေ မြေပြို ရေကြီးတာဖြစ်တယ်ရှင့်။ အဲ့ဘက်ကို သွားမယ့် ကယ်ဆယ်ရေးတွေလို့ ထင်ရပါတယ်။ အခု ထား၀ယ်ဘက်မှာ ဖြစ်နေတဲ့အခြေအနေက ဘာမှမဖြစ်တဲ့ရွာတွေကလည်း ဘယ်မှသွားလို့မရတဲ့ အခြေအနေတွေပါ” ဟု အခြားသတင်းရင်းမြစ်တရပ်ကလည်း ပြောသည်။

အလားတူ ယမန်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ရေဝိုင်းရွာဘက်သို့ မြိတ်လေတပ်မှ တက်လာသည့် K8W Jet fighter ဖြင့် စစ်အုပ်စုတပ်က ဗုံးနှစ်လုံးအပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိသော်လည်း ရေဘေး၊ တောင်ပြို ဘေးသင့်ဒေသခံများ ထိတ်လန့်ခဲ့ကြရကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းကစ၍ မိုးရွာသွန်းမှုများခဲ့ရာမှ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်များတွင် ရေကြီး၊ တောင်မြေပြိုမှုများ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး လက်ရှိအထိ ရရှိထားသည့် အချက်အလက်များအရ သေဆုံးသူ ၃၀ ထက်မနည်းရှိနေကာ ပျောက်ဆုံးနေဆဲလူဦးရေများလည်းရှိနေသလို အကူအညီများစွာ လိုအပ်လျက်ရှိနေသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကူညီ၊ကယ်ဆယ်ရေးလုပ်ငန်းများလည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းနှင့် စစ်အုပ်စုတပ်၏ ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးစေသလို သဘာဝဘေးသင့်ပြည်သူများလည်း ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်တွင် မိုးရွာသွန်းမှုများရာမှ တနင်္သာရီမြစ်ရေ မြင့်တက်၍ ကျေးရွာပေါင်း ဆယ်ချီ ရေဘေးသင့်နေရသည်။

မဇ္ဈိမ