ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ လောင်းရှည်-ကျင်ဒွေး လမ်းပိုင်းရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မဆာတွီကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ကြောင်းမှာ အင်အား ၅၀၀ ကျော်ပါဝင်ပြီး တပ်မ ၇၇ ဗျူဟာမှူးကိုယ်တိုင် ဦးစီးကာ ယောဒေသနယ် အနောက်တောင်ပိုင်းမှ ချင်းပြည်နယ်တောင်ပိုင်း ထိစပ်နယ်မြေများသို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့နယ်အတွင်း အင်အား ၂၀၀ ကျော် ဝင်ရောက်လာပြီး မဆာတွီကျေးရွာတွင် တပ်စွဲထားကြောင်း ဒေသခံက ပြောသည်။
စစ်ကြောင်း ထိုးစစ်ဆင်မှုအခြေအနေနှင့်ပတ်သက်၍ ဒေသခံ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက “စစ်အုပ်စုတပ်က အင်အားတချို့ကို လောင်းရှည်မြို့နယ် ဆွဲလွဲကျင်းရွာလမ်းဘက်မှာ ချန်ထားခဲ့တယ်။ အင်ဘူး၊ ဆွဲလွဲကျင်း၊ မဆာတွီ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပြီ။ စစ်ကြောင်းက လူတချို့ကိုလည်း ဖမ်းဆီးထားတာမျိုးတွေရှိတယ်” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် ကျင်ဒွေးမြို့ဘက်မှ ဆင်းလာသည့် ဆိုင်ကယ် ၂ စီးနှင့် ပြည်သူ ၄ ဦးကို အင်ဘူးကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည့်အပြင် နောက်ထပ် ဒေသခံပြည်သူအချို့ကိုလည်း ဆက်လက်ဖမ်းဆီးထားကြောင်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြေပြင်စစ်ကြောင်းထိုးလာမှုနှင့်အတူ စစ်အုပ်စုတပ်သည် ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) ရှိ မဆာတွီကျေးရွာသို့ လေကြောင်းမှပါ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနအချို့က ဖော်ပြထားသည်။
စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်၊ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်နှင့် စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်တို့တွင် မကွေးလေတပ်မှ တက်လာသည့် ဖိုက်တာဂျက် ၁ စီးဖြင့် ကျေးရွာအတွင်းသို့ ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မဆာတွီကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို အသေးစိတ် မသိရသေးသော်လည်း ကျေးရွာနေပြည်သူများမှာ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် မဆာတွီကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ အင်ဘူး၊ ဆွဲလွဲကျင်း၊ မကွေ့၊ ဆွေလွဲ၊ ပါးအောင်းနှင့် တဲဇင်း ကျေးရွာတို့မှ ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအချို့ပါ ပြုလုပ်လျက်ရှိသည်။
အဆိုပါ တပ်မ ၇၇ စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်က အင်ဘူးကျေးရွာသို့ ရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆွဲလွဲကျင်းကျေးရွာဘက်သို့ ဝင်ရောက်လာသည့် အင်အား ၄၀၀ ပါ စစ်ကြောင်းတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အင်ဘူး၊ ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာ ထိစပ်နယ်မြေများတွင် ဖြန့်ကျက်နေရာယူထားသည်။
ထိုစစ်ကြောင်းသည် မကြာမီရက်ပိုင်းကလည်း ယောဒေသ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူလူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
NMG