ရန်ကုန်၌ စစ်အုပ်စု၏ မတရားဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိ၊ အများစုမှာ လမ်းမများပေါ်တွင် ဖမ်းဆီးခံရခြင်းဖြစ်

By MPM 7 စက်တင်ဘာ, 2026 👁 134

ရန်ကုန်တိုင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးခြင်းခံရသည့် အရပ်သားပြည်သူ ၉၈ ဦး၏ ဖြစ်စဉ်ကို သိရှိခဲ့ရကြောင်း Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာသူ ရှစ်ဦးသာရှိပြီး ငါးဦးမှာ အကျဉ်းထောင်များသို့ ပို့ဆောင်ခံခဲ့ရကာ ကျန်သည့် ၈၅ ဦး၏ နောက်ဆက်တွဲအခြေအနေများကိုမူ အတိအကျ မသိရှိရသေးဟု RSN က ထုတ်ပြန်ထားသည်။

“ဒီနေ့ မနက်က ဘုရင့်နောင်စစ်ကြောရေးထဲ စုဆောင်းထားတဲ့ လူတသုတ်ကို စစ်သင်တန်းကျောင်းဆီ ပို့လိုက်ပြီဗျ။ စစ်ကားကြီး ၁၂ စီးလောက်နဲ့ ပို့လိုက်တာပါ။ အဲ့လိုဆိုတော့ ဒီရက်ပိုင်းထဲ အမှတ်စဉ်သစ်စလိမ့်မယ်လို့ ယူဆပါတယ်ဗျ” ဟုလည်း RSN တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လမ်းမပေါ် သွားလာနေစဉ်နှင့် ကားမှတ်တိုင်၊ လမ်းဘေးနှင့် လမ်းဘေးဆိုင်များတွင် ရှိနေစဉ် ရမ်းသန်းဖမ်းဆီးခံရသူ ၄၇ ဦးအထိရှိခဲ့ပြီး အများစုမှာ လမ်းပေါ်တွင် ကားဖြင့် ဆွဲဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့ထဲတွင် Chinland FC ဘောလုံးအသင်းမှ ကစားသမားတဦး ပါဝင်သွားခဲ့သော်လည်း အသင်းမှ လိုက်လံရှာဖွေထုတ်ယူခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧည့်စာရင်းစစ်ဆေးစဉ် ဧည့်စာရင်းတိုင်ရမည့်ရက်လွန်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၂၅ ဦး၊ လမ်းပေါ်တွင် ဖုန်းယူစစ်ခံရသူနှင့် PSMS စနစ်ဖြင့် အချက်အလက်စစ်ဆေးခံရသူ အပါအဝင် ရှောင်တခင်စစ်ဆေး၍ ဖမ်းဆီးခံရသူ ၃၄ ဦးရှိခဲ့သည်။

သတင်းအတိအကျဖြင့် PDF သို့မဟုတ် ထောက်ပို့ဟု စွပ်စွဲ၍လည်းကောင်း၊ လူမှုကွန်ရက်ပေါ် စစ်တပ်ကို ဝေဖန်သည်ဟုဆို၍လည်းကောင်း ဖမ်းဆီးခံရသူ ခုနစ် ဦးရှိခဲ့ပြီး အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ခေါ်ယူ၍ ဖမ်းဆီးခံရသူ သုံးဦးလည်း ပါဝင်သည်။

“သူတို့ထုံးစံအတိုင်း စစ်မှုထမ်းသင်တန်းအမှတ်စဉ်သစ် စခါနီးပြီမို့ လူဖြည့်ဖို့ အသည်းအသန် လိုက်ဆွဲနေတာပါ။ စက်တင်ဘာလ ၇ ရက်နေ့ဝန်းကျင်လောက် စလိမ့်မယ်လို့ ထင်တယ်ဗျ။ လူဆွဲတာတွေကတော့ ဩဂုတ်လ ၂၀ ရက်လောက်ကတည်းက ခပ်စိပ်စိပ်‌ပြန်ဖြစ်လာပါတယ်“ ဟု RSN တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် လူငယ်အများစုသည် အသွားအလာဆင်ခြင်နေကြပြီး လူစည်ကားသည့် နေရာများတွင်ပင် ည ၈ နာရီခွဲဝန်းကျင်၌ လူကြဲသွားသည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးမှုများသည် အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ စမ်းချောင်း၊ အင်းစိန်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ရွှေပြည်သာ၊ လှည်းကူး၊ သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ မြောက်ဥက္ကလာနှင့် မှော်ဘီမြို့နယ် ၁၅ ခုတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများအနက် အနည်းဆုံး ခြောက်ဦးမှာ စစ်မှုထမ်းသင်တန်းအတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပြီး သုံးဦးမှာ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရကာ ကျန်သုံးဦးကို ပြန်လည်ရွေးထုတ်နိုင်ခဲ့ဟု RSN ကဆိုသည်။

ဩဂုတ်လအတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) ကို ဩဂုတ် ၃ ရက်နေ့မှသာ စတင်နိုင်ခဲ့သဖြင့် အမှတ်စဉ် (၂၈) မှာ နောက်ကျနေပြီး စက်တင်ဘာလ ပထမပတ်အတွင်းမှ စတင်လိမ့်မည်ဟု ယူဆရကြောင်း RSN က သုံးသပ်ထားသည်။

ယခု ဖော်ပြပါ အချက်အလက်များသည် RSN ထံ ပေးပို့လာသည့် သတင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာသတင်းများမှ ရရှိသည့် ဖြစ်စဉ်များသာဖြစ်ပြီး မြေပြင်တွင် မတရားဖမ်းဆီးခံရသည့် အခြေအနေမှာ ယခုထက် ပိုမိုများပြားပြီး ဆိုးရွားနိုင်ကြောင်း သိရသည်။

မဇ္ဈိမ