မွန်ပြည်နယ်တွင် လူမှုစီးပွားဘဝနှင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာဟု RICE ဆို

By MPM 7 အောက်တိုဘာ, 2026 👁 101

မွန်ပြည်နယ်တွင် ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှု၊ ကုန်သွယ်ရေးကန့်သတ်မှု၊ စစ်မှုထမ်းရန် အတင်းအကျပ်စုဆောင်းမှု၊ ငွေကြေးတောင်းခံမှုနှင့် စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ရာမညအင်စတီကျု လူထုအခြေပြုနိုင်ငံရေး သုတေသနဌာန (RICE) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

RICE ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကန့်သတ်စစ်ဆေးမှုများ တင်းကျပ်လာခြင်းကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်လာပြီး စားသောက်ကုန်၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ရှားပါးကာ ဈေးနှုန်းများ မြင့်တက်လာသည်။

စက်တင်ဘာ ၅ ရက်တွင် မွန်ပြည်နယ်နှင့် ထိစပ်ဒေသများ၌ ထိုင်းကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော် ယာဉ်များကို တားဆီးခဲ့ပြီး ကုန်ပစ္စည်းများနှင့်အတူ မော်တော်ယာဉ် ၆၅ စီးကို သိမ်းဆည်းကာ ယာဉ်မောင်း များကိုလည်း ဖမ်းဆီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနောက် စစ်ဆေးဖမ်းဆီးမှုများ ပိုမို တင်းကျပ်လာခြင်းကြောင့် ကုန်သည်များနှင့် စားသုံးသူများ ထိခိုက်လာပြီး ထိုင်းကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာကြောင်း RICE က ဆိုသည်။

စက်သုံးဆီရှားပါးမှုကလည်း ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေသည်။ မွန်ပြည်နယ်အတွက် ယခင်က တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် ၄၀,၀၀၀ ခန့် ခွဲတမ်းရရှိခဲ့သော်လည်း ဩဂုတ်လမှစ၍ တန်ချိန် ၂၅,၀၀၀ သို့ လျှော့ချခဲ့သဖြင့် ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၆၀ ကျော်မှာ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်း RICE က ဖော်ပြသည်။

စက်တင်ဘာ ၂၅ ရက်တွင် မွန်ပြည်နယ်၌ 92 ဓာတ်ဆီ တစ်လီတာ ၄,၇၀၅ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၄,၈၆၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆,၀၂၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လယ်ယာလုပ်ငန်းရှင်များမှာလည်း တရားဝင်ဈေးကွက်မှ စက်သုံးဆီ အလုံအလောက်မရရှိသဖြင့် ပြင်ပ ဈေးကွက်မှ ဈေးကြီးပေးဝယ်ယူနေရကြောင်း RICE က ဖော်ပြထားသည်။

စက်သုံးဆီရှားပါးမှုကြောင့် ရေလုပ်ငန်းကဏ္ဍလည်း ထိခိုက်နေပြီး ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ ၃,၀၀၀ ကျော်မှာ တရားဝင်လမ်းကြောင်းမှ စက်သုံးဆီမရရှိသဖြင့် ပြင်ပဈေးကွက်ကို အားထားနေရသည်။

လုပ်ငန်း ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ငါးအမျိုးအစားအချို့၏ ဈေးနှုန်းမှာ ယခင်ထက် ၅ ဆမှ ၈ ဆအထိ မြင့်တက်လာကြောင်း RICE က ဆိုသည်။

စီးပွားရေးအခက်အခဲများအပြင် လုယက်မှု၊ ငွေကြေးတောင်းခံမှုနှင့် စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်းမှုများ ကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေမှာလည်း ပိုမိုဆိုးရွားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မုဒုံမြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက စစ်မှုထမ်းရန် လူငယ် များကို ဖမ်းဆီးစုဆောင်းမှုများရှိနေပြီး အချို့နေရာများတွင် တစ်ရက်လျှင် အနည်းဆုံး ၁၀ ဦးခန့် ဖမ်းဆီးခံနေ ရကြောင်း RICE က ဆိုသည်။

ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ညပိုင်းသွားလာသူ သိသိသာသာ လျော့နည်းလာပြီး မုဒုံမြို့တွင် ည ၇ နာရီ နောက်ပိုင်း လမ်းများပေါ်၌ လူအသွားအလာ နည်းပါးသွားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) မှ (၂၈) အထိ မွန်ပြည်နယ်မှ လူငယ် အနည်းဆုံး ၅,၈၀၀ ခန့် စုဆောင်းခံ ထားရပြီး ဖမ်းဆီးခံရသူအချို့ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များထံမှ ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိ တောင်းခံမှုများရှိကြောင်း RICE က ဆိုသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များအပြင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ် ဒေသများတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း RICE က မှတ်တမ်းတင်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၅၀ ကျော်၊ စာသင်ကျောင်းဆောင် ၅ ဆောင်၊ ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ကျေးရွာ အနည်းဆုံး ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့်အပြင် ရော်ဘာခြံနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းခွင်များလည်း ထိခိုက်ခဲ့ သဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုအခက်တွေ့လာကြောင်း RICE က ဆိုသည်။

စစ်ဆေးရေးဂိတ်များတွင် အဂတိလိုက်စားမှု၊ သွင်းကုန်ကန့်သတ်မှု၊ စက်သုံးဆီခွဲတမ်းလျှော့ချမှု၊ စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်းမှု၊ ငွေကြေးတောင်းခံမှုနှင့် စစ်ရေးတိုက်ခိုက်မှုများ ပေါင်းစပ်ဖြစ်ပေါ်နေခြင်းက မွန်ပြည်နယ် အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း RICE က သုံးသပ်ထားသည်။

DMG