မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း ဒေသခံပြည်သူပိုင် စပါးကျီများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

By MPM 15 ဒီဇင်ဘာ, 2022 👁 15

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဘူးသိုမြို့နယ်၊ ခေါပုပ်ကျေးရွာအုပ်စု လာဂေါ်ဒဲကျေးရွာတွင် စပါးများ သိုလှောင်ထားသည့် စပါးကျီ ၄ ခုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားသည်ဟု မူတြော်သတင်းစဉ်၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံစပါးကျီများကို မီးရှို့ဖျက်ဆီးသည့်အတွက် စပါးတင်းပေါင်း ၂၇၀ မီးလောင်း ပျက်ဆီးသွားကာ ဒေသခံ၏ အိမ်တွင်း အသုံးဆောင်ပစ္စည်းများဖြစ်သည့် ဆိုလာပြားအပါအဝင် တန်ဖိုးရှိ ရှေးဟောင်းပစ္စည်းအချို့နှင့် အခြားအသုံးဆောင်ပစ္စည်း များကိုလည်း အဓမ္မယူဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက “ကျနော်တို့တပ်မဟာ (၅) မှာ စစ်တပ်ဘက်က လှုပ်ရှားမှုပိုများလာတယ်။ လေယာဉ်နဲ့လည်းပစ်ခတ်မှုများတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တာများတယ်။ အဲလိုပစ်တာတွေကြောင့် လူနေအိမ်တွေ ပြီးတော့ စပါးကျီတွေလည်း ၅ခုလောက်ပျက်ဆီးသွားတာ လည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၉) ရက်နေ့က ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအတွင်းနှင့် လူထုများ လုပ်ကိုင်စားသောက်သည့်နေရာတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ လက်နက်ကြီးလက်နက်ငယ် အချက်ပေါင်း ၁၀၀ ကျော်ခန့်ပစ်ခတ်ခဲ့ပြီး ဒေသခံကျွဲများကိုလည်း အကြောင်းမဲ့ ပစ်သတ်သွားခြင်းရှိကြောင်း မူတြော် သတင်းစဉ် ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ တစ်လကျော်ကြာအချိန်ကာလတွင် ကေအဲန်ယူ တပ်မဟာ (၅) တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ်အထိပြုလုပ်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးကျော် ပျက်ဆီးသွားခဲ့ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဖြည့်စွက်ပြောသည်။

အလားတူ စစ်ကောင်စီတပ်မှ ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလာသည့်အတွက်လည်း ဒေသခံလူထုများသည် သတိဝီရိယနှင့် အမြဲနေထိုင်ရကြောင်း ကေအဲန်ယူဘက်မှ ဆိုသည်။

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုများလာသည့်အတွက် နိုဝင်ဘာလမှစ၍ ဒီဇင်ဘာလဆန်းပိုင်းအထိ ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် နယ်မြေခံ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲပေါင်း (၁၄၇) ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ (၈၅) ဦးသေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိပြီး KNLA ပူးပေါင်းတပ်ဘက်မှ ၁၁ ဦးကျဆုံးပြီး ၃၈ ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) ဘက်မှ ထုတ်ပြန်ထားသည်။

KIC – ပေးပို့သည်။