မင်းအောင်လှိုင်၏ မလေးရှား ၂ ရက်ကြာ ခရီးစဉ်အပေါ် SCEF ပြင်းထန်စွာကန့်ကွက်

By MPM 8 အောက်တိုဘာ, 2026 👁 96

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မလေးရှားနိုင်ငံသို့ အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ သွားရောက်သည့် အလည်အပတ် ခရီးစဉ်အပေါ် “ပြင်းထန်စွာ” ကန့်ကွက်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ယနေ့ (အောက်တိုဘာ ၈ ရက်) တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို အကြမ်းဖက် နှိမ်နင်းကာ နိုင်ငံတော်အာဏာကို ဥပဒေနှင့်မညီဘဲ သိမ်းယူခဲ့သူဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) အပါအဝင် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် အာဆီယံ၏ သံတမန်ရေး ကြိုးပမ်းမှုများနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ကြောင်း SCEF က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ၊ ကျေးရွာများနှင့် အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများ၊ မတရား ဖမ်းဆီး ထိန်းသိမ်းမှုများနှင့် အခြေခံ လူ့အခွင့်အရေးများကို စနစ်တကျ ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့သော အခြေအနေများတွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား တရားဝင်ခရီးစဉ်အဖြစ် လက်ခံခြင်းသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နိုင်ငံရေးအရ တရားဝင်မှုနှင့် ထောက်ခံမှုပေးအပ်ရာရောက်သည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုများကို မျက်ကွယ်ပြုရာရောက်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဆက်ဆံရေးတွင် အခြေခံမူများနှင့်အညီ ဆောင်ရွက်ခဲ့သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အကြိမ်ကြိမ် အတည်ပြုခဲ့သဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဆင့်ဖြင့် ကြိုဆိုဆက်ဆံခြင်းသည် အဆိုပါအခြေခံမူများနှင့် တိုက်ရိုက် ဆန့်ကျင်နေကြောင်း SCEF က ထောက်ပြသည်။

ယင်းကြောင့် မလေးရှားအစိုးရအနေဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုအပေါ် နိုင်ငံတော်အဆင့် တရားဝင်မှု ပေးအပ်ခြင်းမှ ရှောင်ရှားရန်၊ စစ်အုပ်စုကို ဆန့်ကျင်နေသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန်နှင့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိရေး အထောက်အကူပြု ဆောင်ရွက်ချက်များကို ထောက်ခံပေးရန် SCEF က အလေးအနက် တောင်းဆိုထားသည်။

မဇ္ဈိမ