ဖားအံမြို့ပေါ် ညအချိန်မတော် ဒရုန်းယာဉ်များ အနိမ့်ပိုင်းပျံသန်းနေမှုကြောင့် ပြည်သူများ စိုးရိမ်

By MPM 16 ဒီဇင်ဘာ, 2022 👁

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ညအချိန်မတော် ဒရုန်းယာဉ် (Drone) များ အနိမ့်ပိုင်း ပျံသန်းမှုများကြောင့် ပြည်သူများအနေဖြင့် အိပ်မရဘဲ လုံခြုံရေးစိုးရိမ်မှုများရှိနေကြောင်း မြို့ခံလူထုတချို့က ပြောသည်။

ဖားအံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေစတင်ကာ ညဘက်လူအိပ်ချိန်တွင် ဒရုန်း (Drone) များ နေ့စဉ်ဆက်တိုက် အဆက်မပြတ် ပျံသန်းမှုများကြောင့် ပြည်သူများအနေဖြင့် ထိတ်လန့်မှုများဖြစ်ပေါ်နေပြီး မိမိလုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ မြို့ခံလူငယ်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အရင်ကဒီလိုမျိုး အနိမ့်ပိုင်းပျံတာမတွေ့ဖူးဘူး။ လေယာဉ်တွေပြန်တာ လောက်ဘဲတွေ့ဖူးတာ။ အခုက ညဘက်လူအိပ်ချိန်ကြီး၊၊ ပြီးတော့ အသံက ကျယ်တယ် နိမ့်နိမ့်ကလေးဘဲ ဒရုန်းနဲ့ဗုံးဘဲလာကြဲတာလား၊ လေယာဉ်နဲ့ဘဲ ဗုံးလာကြဲတာလား အတွေးက ညအမျိုးမျိူးဝင်တယ်။ စိုးရိမ်ရ တာပေါ့ အသက်အန္တရယ်တစ်ခုခု ဖြစ်မှာကို၊၊ ပြီးတော့ဒီမှာက အသက်ကြီးတဲ့ အဖိုးအဖွားတွေများတယ်လေ” ဟု ကေအိုင်စီသို့ပြောသည်။

၎င်းအပြင် ရပ်ကွက်အတွင်းတွင်လည်း သက်ကြီးရွယ်အိုးများရှိသည့်အတွက် ဒရုန်းပျံသန်းသည့် အသံကြောင့် ညဘက်အချိန် အိပ်မရတဲ့ အခက်အခဲများနှင့်လည်း ကြုံတွေ့နေရပြီး ဒရုန်းများ ပျံသန်းပြီးနောက်တွင်လည်း မနက်ပိုင်းအချိန် ရဲ၊ စစ်သားနှင့် ယာဉ်ထိန်းရဲများကိုလည်း တွေ့ရတတ်ကြောင်း မြို့ခံများကဆိုသည်။

နောက်ထပ် မြို့ခံတစ်ဦးက “အိမ်မှာက လူကြီးတွေများတယ်လေး။ ဘေးအိမ်တွေ မှာကောက အသက်ကြီးတဲ့ အဖိုး၊ အဖွား အရွယ်တွေကြီးဘဲ။ ညဘက်ဆိုစောစော အိပ်တာဆိုတော့၊ အဲ့အသံကြားတော့ သူတို့ကထထိုင်ပြီး ပြန်အိပ်လို့မရတော့ဘူး။ သူတို့အတွက် အခက်အခဲတွေရှိတာပေါ့။ အဲ့လိုတွေပျံပြီးလို့ မနက်ကျ ဈေးသွားရင် လမ်းမှာ ရဲတွေ စစ်သားတွေ မော်တော်ပီကယ်တွေကို လမ်းထိပ်မှာ တွေ့ရတယ်” ဟု ကေအိုင်စီသို့ပြောသည်၊၊

ထို့အပြင် ဖားအံမြို့အတွင်း ညအချိန်မတော်ရုန်းများ ပျံသန်းလျက်ရှိပြီး မြို့အတွင်းတွင်လည်း ရဲနှင့် စစ်ကောင်စီစစ်သားများပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြို့တွင်းသွားလာသူများနှင့် ခရီးသွားလည်ပတ်သူများသည် ယခင်ကထက် တစ်နေ့ထက်တစ်နေ့ တိုးလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဖားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်း စေတနာ ရေသန့်စက်ရုံဘေးရှိ စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၁၀၂) တပ်ထဲပေါ်တွင် ဒရုန်းတစ်စင်းပျံသန်းသည်ဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်အချက်ရေ (၁၀) ချက်ခန့်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။

KIC – ပေးပို့သည်။