ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးအား စစ်ကောင်စီတပ်က ဖမ်းဆီး

By MPM 11 ဇန်နဝါရီ, 2023 👁

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များနှင့် ထောင်ဝန်ထမ်းများ၏ ညှဉ်းပမ်းနှိပ်စက်ခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင် (ခ) ခေါလေး၏ ဇနီးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သော ကိုဝင်းထွန်းနိုင်၏ ဇနီး မစန္ဒာအေးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူအချို့က ပြောသည်။

မိသားစုနှင့်နီးစပ်သူတစ်ဦးက “ထောင်ဆူပြီး နောက်နေ့မှာပဲ လာဖမ်းသွားတာ စစ်ဆေးစရာရှိလို့လို့ ပြောတာပဲ၊ မြို့မစခန်းအချုပ်ထဲမှာ” ဟု ပြောသည်။

ကိုဝင်းနိုင်ထွန်း (ခ) ခေါလေး၏ ဇနီး မစန္ဒာအေးကို ဇန္နဝါရီလ ၇ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ပုသိမ်မြို့ခံများက ပြောသည်။

လက်ရှိတွင် မစန္ဒာအေး အား အကျဉ်းထောင်အတွင်းသို့ တားမြစ်ပစ္စည်းများတင်သွင်းမှု အကျဉ်းထောင် ဥပဒေပုဒ်မ – ၄၂ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့ခံ နိုင်ငံရေးသမားတစ်ဦးက “ထောင်တာဝန်ရှိသူတွေက ကိုဝင်းနိုင်ထွန်းနဲ့ ကိုမဲကြီးတို့ဆီက ဖုန်းမိလို့ ခေါ်ယူစစ်ဆေးတာကနေ ထောင်ဆူမှု ဖြစ်တာဆိုပြီး ထုတ်ပြန်ထားတာ။ အပြင်ကနေ မိန်းမက ပို့ပေးတာ ဒါ့ကြောင့် ဖမ်းတယ်ပေါ့ မဲပြာပုဆိုး ဇာတ်လမ်းပါပဲ” ဟု ပြောသည်။

Keypad ဖုံးတစ်လုံးသည် အပြင်တွင် ကျပ်သုံးသောင်းကျော်ခန့်သာ တန်ဖိုးရှိသော်လည်း ထောင်အတွင်း၌ ကျပ်တစ်သိန်းကျော်ပေးကာ ဝယ်ယူရသည်ဖြစ်၍ အကျဉ်းထောင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ စီးပွားရေး ဈေးကွက်တစ်ခုသာဖြစ်ကြောင်း အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ဆက်လက်၍ “အထဲမှာ ဖုန်းကိစ္စက မုန့်လုံးစက္ကူကပ်ပဲဗျ။ ရှာပြီးသိမ်းလိုက် မိတဲ့သူတွေ ပြစ်ဒဏ်ပေးလိုက်။ နောက်လိုချင်တဲ့သူ ပြန်ရောင်းလိုက်ပေါ့။ အရင်းမရှိ အမြတ်ကြမ်းတဲ့ စီးပွားရေးပဲ” ဟု ပြောသည်။

ထို့အပြင် ပုသိမ်အကျဉ်းထောင်အတွင်း ဇန္နဝါရီလ ၆ ရက်နေ့က ညှင်းပန်းနှိပ်စက်ခံရပြီး ပျောက်ဆုံးနေသည့် ကိုဝင်းမင်းထက် (ခ) ကိုမဲကြီး၏ ဇနီးဖြစ်သူကိုလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းအတွင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု ကျဆုံးခဲ့ပြီး ၉ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ ၁၃ ဦးမှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့သဖြင့် ပုသိမ်မြို့ ၉ ထပ် ဆေးရုံသစ်ကြီးတွင် ကုသနေရကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ အဓိကရုဏ်းဖြစ်စဉ်တွင် အကျဉ်းသားတစ်ဦး သေဆုံးခဲ့သည့်အပြင် စုစုပေါင်း အကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများနှင့် နီးစပ်သူများက ဆိုသည်။

NMG-ပေးပို့သည်။