မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ၊ နေရပ်စွန့်ခွာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်မြင့်တက်နေသည့်အတွက် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၁၂၀,၀၀၀ ကျော်အား လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်လိုက်သည်။
ICRC ၏ “မြန်မာနိုင်ငံအတွင်း အိုင်စီအာစီ၏ ဆောင်ရွက်ချက်များ (ဇန်နဝါရီ-ဇွန် ၂၀၂၆)” အစီရင်ခံစာအရ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Red Cross/Red Crescent Movement မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံမိတ်ဖက်များနှင့် ပူးပေါင်း၍ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ သောက်သုံးရေ၊ သန့်ရှင်းရေး၊ နေအိမ်အကူအညီ၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်ကျန်စစ်လက်နက်ပစ္စည်း (ERW) အန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအစီရင်ခံစာထွက်ပေါ်လာချိန်တွင် ရခိုင်ပြည်၌ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ နေရပ်စွန့်ခွာရသူဦးရေတိုးလာခြင်းနှင့် မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးသည့် စစ်လက်ကျန်ပစ္စည်းများကြောင့် အရပ်သားများ ရင်ဆိုင်နေရသည့် အန္တရာယ်များမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
မကြာသေးမီကာလအတွင်း DMG ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံး ဒဏ်ရာရမှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုဆိုးရွားလာကြောင်း ဆက်တိုက်ဖော်ပြခဲ့သည်။
ICRC အဆိုအရ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အတွက် လူပေါင်း ၅၃,၀၀၀ ခန့် အား မျိုးစေ့များ၊ စိုက်ပျိုးရေးကိရိယာများနှင့် မြေဩဇာများ ပံ့ပိုးပေးခဲ့ပြီး၊ ၁၂,၀၀၀ ခန့် ကို အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့သည်။
ထို့ပြင် ၁၃,၀၀၀ ကျော် ကို အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ၅,၀၀၀ ခန့် ကို ငွေသားအကူအညီများ ပေးအပ်ကာ အိမ်ထောင်စု ၂၀,၀၀၀ ကျော် အတွက် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။
ထို့အပြင် လူပေါင်း ၆၇,၀၀၀ ခန့် သောက်သုံးရေ ရရှိနိုင်ရေးကို တိုးတက်ကောင်းမွန်စေခဲ့ပြီး ၁၁,၀၀၀ ခန့် အတွက် နေအိမ်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခဲ့သည်။ ဆေးရုံ၊ ဆေးခန်းနှင့် ပြန်လည်သန်စွမ်းရေးဌာန ၁၄ ခု တွင် ရေ၊ လျှပ်စစ်နှင့် အခြေခံအဆောက်အအုံများကိုလည်း အဆင့်မြှင့်တင် ပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျန်းမာရေးကဏ္ဍတွင် လူနာ ၅,၀၀၀ ခန့် သည် ICRC ပံ့ပိုးသည့် ကျန်းမာရေးဝန်ဆောင်မှုများမှတစ်ဆင့် အရေးပေါ်ကုသမှုများ ရရှိခဲ့ပြီး၊ ၁၀,၀၀၀ ခန့် ကို အရေးပေါ် လူနာလွှဲပြောင်းပို့ဆောင်ခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူများအပါအဝင် ၂,၇၀၀ ခန့် ကို ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခဲ့ပြီး၊ ခြေတု၊ လက်တုနှင့် အထောက်အကူပြုကိရိယာ ၁,၃၀၀ ခန့် ကို ထုတ်လုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းအခြေအနေသည် ရခိုင်ဒေသနှင့်လည်း တိုက်ဆိုင်နေပြီး၊ နေရပ်ပြန်သူများ၊ လယ်ယာလုပ်ကိုင်သူများနှင့် ခရီးသွားလာသူများသည် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပေါက်ကွဲပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရမှုများ ဆက်လက်ကြုံတွေ့နေရသည်ကို DMG ကလည်း အစဉ်တစိုက် သတင်းဖော်ပြလျက်ရှိသည်။
ICRC သည် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၄,၂၀၀ ကျော်အား နေရပ်ပြန်နိုင်ရေး အကူအညီများ၊ အကျဉ်းသားမိသားစု ၂,၀၀၀ ခန့်အား တွေ့ဆုံခွင့်ပံ့ပိုးမှုများနှင့် Red Cross Messages ၃,၀၀၀ ခန့်ကို ပို့ဆောင်ပေးကာ မိသားစုများ ပြန်လည်ဆက်သွယ်နိုင်ရေးကိုလည်း ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပဋိပက္ခဒေသများတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများ၏ အန္တရာယ် မြင့်တက်နေသဖြင့် လူပေါင်း ၂၈,၀၀၀ ခန့် ကို ရည်ရွယ်၍ အန္တရာယ်အသိပညာပေးအစီအစဉ် ၇၅၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးပိုစတာများ၊ လူထုဟောပြောပွဲများနှင့် ဒေသခံစေတနာ့ဝန်ထမ်းများအား လေ့ကျင့်သင်ကြားမှုများလည်း ပြုလုပ်ခဲ့ကြောင်း ICRC က ဆိုသည်။
ICRC သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ဘက်မလိုက်၊ လွတ်လပ်ပြီး ကြားနေသည့် လူသားချင်းစာနာမှုအကူအညီများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
DMG