အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အမှတ် (၁)၊ အမှတ် (၁၈) နှင့် အမှတ် (၁၉) တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များသည် ယောလွတ်မြောက်ရေးတပ်တော် (YLA) ကို သြဂုတ်လ ၁ ရက်တွင် စတင်တည်ထောင်လိုက်ကြောင်း သိရသည်။
YLA တည်ထောင်လိုက်ကြောင်းကို စက်တင်ဘာ ၅ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ယောဒေသအရေး ရှေးရှု၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကြေညာထားသည်။
ယင်းတပ်ရင်းများသည် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ငါးနှစ်တာလုံး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး YLA အဖြစ် သီးခြားရပ်တည်ခြင်းမှာ NUG ၏ ဦးဆောင်မှုအား အယုံအကြည်မရှိခြင်း၊ ဌာနအသီးသီးရှိ ပုဂ္ဂိုလ်များနှင့် ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် “မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့ကို ရည်ရွယ်၍ တည်ထောင်လိုက်ခြင်းဖြစ်သည်” ဟု ရေးသားဖော်ပြထားသည်။
YLA သည် NUG၊ MOD လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ အခြားမဟာမိတ်တပ်ဖွဲ့များနှင့် အတူယှဉ်တွဲ၍ အသက်စွန့်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် YLA သည် ချင်းပြည်တောင်ပိုင်း (မင်းတပ်နယ်) နှင့် ယောဒေသ (ကျောက်ထုနယ်) တို့တွင် ဒေသခံတပ်များ (ယော)၊ MOD လက်အောက်ခံတပ်ရင်းများ၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်နေဆဲဖြစ်သည်ဟုလည်း သိရသည်။
မဇ္ဈိမ